တရုတ်ရေတပ်က တောင်တရုတ်ပင်လယ်ရှိ အမေရိကန်စစ်သင်္ဘောများကို သဏ္ဍာန်တူလေ့ကျင့်တိုက်ခိုက်မှု ပြုလုပ်

By ANI
11 January 2023
တရုတ်ရေတပ်က တောင်တရုတ်ပင်လယ်ရှိ အမေရိကန်စစ်သင်္ဘောများကို သဏ္ဍာန်တူလေ့ကျင့်တိုက်ခိုက်မှု ပြုလုပ်

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ကျူးကျော်ရန်စမှုများကြောင့် အမေရိကန်နှင့် ဆက်ဆံရေး ပိုမိုတင်းမာလာချိန်တွင် တရုတ်ရေတပ်က အမေရိကန်ရေတပ်အဖွဲ့အား တိုက်ခိုက်သည့်ပုံစံတူလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သည်။  ထို့နေ့မှာပင် တရုတ် J-11 တိုက်လေယာဉ် ၁ စင်းက အမေရိကန် RC-135 ထောက်လှမ်းရေးလေယာဉ်ကို ကြားဖြတ်နှောင့်ယှက်ခဲ့ပြီး ထိုလုပ်ရပ်ကို ပင်တဂွန်စစ်ဌာနချုပ်က ဘေးမကင်းသည့် လေ့ကျင့်မှုဟု ခေါ်ဝေါ်ခဲ့ကြောင်း The Drive သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်စူးစမ်းလေ့လာမှုအစီအစဉ်အရ အမေရိကန်စစ်တပ်မှ P-8A ရေကြောင်းကင်းလှည့် လေယာဉ် ၃ စင်း၊ RC-135V ထောက်လှမ်းရေးလေယာဉ် ၁ စင်းနှင့် E-3G လေကြောင်းရန် ကြိုတင်သတိပေးရေးနှင့်ထိန်းချုပ်ရေးလေယာဉ် ၁ စင်းတို့သည် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြား တောင်ဘက်တွင် ကင်းလှည့်ရန် Clark Air Base နှင့် Kadena လေတပ်စခန်းမှ ဒီဇင်ဘာလ ၂၁ ရက်တွင် ထွက်ခွာလာခဲ့ကြသည်။

ထိုစဉ် RC-135V ထောက်လှမ်းရေးလေယာဉ်သည် တရုတ် J-11 တိုက်လေယာဉ်၏ ကြားဖြတ်နှောင့်ယှက်မှုကို ခံခဲ့ရသည်။

ထို့ပြင် တရုတ်ရေတပ်တွင်  မကြာသေးမီက တပ်တော်ဝင်ခဲ့သော လေယာဉ်တင်သင်္ဘော Shandong သည် အမေရိကန်ရေတပ်မှ တိုက်ခိုက်ရေးသင်္ဘောအုပ်စုကဲ့သို့ပင် တောင်တရုတ်ပင်လယ်၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

"ဒီလေ့ကျင့်ခန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ Shandong ဦးဆောင်တဲ့ တိုက်ခိုက်ရေးအဖွဲ့က အမေရိကန် ရေတပ်အစုကို ပုံဖော်တိုက်ခိုက်ခဲ့ပါတယ်" ဟု တရုတ်နိုင်ငံမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက Financial Times သို့ ပြောသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ပြင်းထန်သော စစ်ရေးလှုပ်ရှားမှုသည် အထူးအဆန်းမဟုတ်သော်လည်း ယင်းလေ့ကျင့်ခန်း သည် အမေရိကန်ရေတပ်သင်္ဘောများကို အထူးတလည် ပစ်မှတ်ထားခြင်းဖြစ်သည်။

ထောက်လှမ်းရေးလေယာဉ် RC-135 သည် ဝေဟင်နှင့် တောင်တရုတ်ပင်လယ်ရေပြင်တွင် ပျံသန်းရင်း တရုတ်စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်နေခြင်းကြောင့် ကြားဖြတ်နှောင့်ယှက်ခံရခြင်း ဖြစ်နိုင်ကြောင်း The Drive က ဖော်ပြခဲ့သည်။

တရုတ်ရေတပ်သည် ဒီဇင်ဘာ ၂၁ ရက်အထိ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် လေယာဉ်တင်သင်္ဘော Liaoning နှင့် အကြီးစားစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

မတူညီသည့် နေရာ ၂ ခုတွင် တရုတ်ရေတပ်က ပုံစံတူအကြီးစားစစ်ရေးလေ့ကျင့်မှုများ တစ်ပြိုင်နက် ဆောင်ရွက်နေခြင်းက ထူးခြားချက်ဖြစ်ပြီး လေယာဉ်တင်သင်္ဘောများနှင့် ဧရိယာပြင်ပစစ်ရေးလေ့ကျင့်မှုများကို ပိုမို ပြုလုပ်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly