တရုတ်တွင် နာရေးလိုက်ပို့သူလူတန်းအား ကားတိုက်မှုကြောင့် လူ ၁၉ ဦး သေဆုံး

By Reuters
11 January 2023
တရုတ်တွင် နာရေးလိုက်ပို့သူလူတန်းအား ကားတိုက်မှုကြောင့် လူ ၁၉ ဦး သေဆုံး

တရုတ်နိုင်ငံအရှေ့ပိုင်း၌ ဇန်နဝါရီ ၈ ရက် အစောပိုင်းက နာရေးလိုက်ပို့သူလူတန်းအား  ထရပ်ကား ၁ စီး က ဝင်တိုက်မှုကြောင့်  လူ ၁၉ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က ထုတ်ပြန်သည်။

မတော်တဆမှုသည် တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ်ရှိ နန်ချန်းကောင်တီတွင် ဒေသစံတော်ချိန် နံနက် ၁ နာရီ (ဂရင်းနစ်စံတော်ချိန် ညနေ ၅ နာရီ) မတိုင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း CCTV က ထုတ်လွှင့်ခဲ့သည်။

CCTV  က နောက်ထပ်အသေးစိတ်အချက်အလက်များကိုမထုတ်ပြန်ခဲ့သော်လည်း ဟူပေပြည်နယ်ရှိ နိုင်ငံပိုင် Chutian Metropolis Daily သတင်းဌာနပိုင် Jimu News က နာရေးလိုက်ပို့သည့် လူတန်းကို ထရပ်ကား ၁ စီးက ဝင်တိုက်မိကြောင်း ဖော်ပြထားသည်။

မီးသင်္ဂြိုဟ်ရုံသို့ သွားမည့် လူ ၆၀ ကျော်သည် လမ်းဘေးတစ်လျှောက် လမ်းလျှောက်နေခဲ့သည်ဟု  နာရေးပို့ဆောင်သူတစ်ဦးဖြစ်သည့်  ဂေါင်က ပြောသည်။ မတော်တဆမှုတွင် ဂေါင်မှာ ခြေထောက်ဒဏ်ရာရခဲ့ပြီး ဇနီးဖြစ်သူ သေဆုံးခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် မြူခိုးများ ကျရောက်နေခြင်းလည်း မရှိဟု ဂေါင်က ဆိုသည်။

နန်ချန်းကောင်တီ ယာဉ်ထိန်းရဲတပ်ဖွဲ့က ၎င်း၏တရားဝင် Weibo အကောင့်တွင် ဇန်နဝါရီ ၈ ရက် နံနက် ၇ နာရီခန့်က နေရာအချို့တွင် မြူထူထပ်စွာကျနေသည်ဟု ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံတွင် လတ်တလော လူသေဆုံးမှု များပြားနေပြီး မီးသင်္ဂြိုဟ်ရုံ၌ လူများတန်းစီစောင့်ဆိုင်းရမှုများ ရှိသည်ဟု ဒေသခံတစ်ဦးက တရုတ်သတင်းဌာန Livestream Hainan ကို ပြောသည်။

ထို့ကြောင့် မနက်စောစောတွင် နာရေးလိုက်ပို့သူ များပြားနေခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly