ပါကစ္စတန်စစ်တပ်လေ့ကျင့်ပေးခဲ့သော TTP အဖွဲ့ကြောင့် ခိုင်ဘာပက်ခ်တွန်ခဝါတွင် သောင်းကျန်းမှုများ ဖြစ်ပေါ်လာကြောင်း လေ့လာသူများ သုံးသပ်

By ANI
12 January 2023
ပါကစ္စတန်စစ်တပ်လေ့ကျင့်ပေးခဲ့သော TTP အဖွဲ့ကြောင့် ခိုင်ဘာပက်ခ်တွန်ခဝါတွင် သောင်းကျန်းမှုများ ဖြစ်ပေါ်လာကြောင်း လေ့လာသူများ သုံးသပ်

ပါကစ္စတန်စစ်တပ်သည် အိန္ဒိယနှင့် အာဖဂန်နစ္စတန်တွင် ၎င်း၏ ဗျူဟာမြောက် အကျိုးစီးပွားကို မြှင့်တင်ရန်  တီရစ်-အီ- တာလီဘန်ပါကစ္စတန် (TTP) အဖွဲ့ကို လေ့ကျင့်ပျိုးထောင်ပေးခဲ့ပြီး ယခုအခါ ခိုင်ဘာပက်ခ်တွန်ခဝါတွင်  သောင်းကျန်းမှုများ မြင့်တက်လာသောကြောင့် အကျိုးဆက်ကို ပြန်လည်ခံစားနေရသည်ဟု လေ့လာအကဲခတ်သူများ၏ သုံးသပ်ချက်ကို ကိုးကား၍ Geo-Politik က ဖော်ပြသည်။

ပါကစ္စတန်တာလီဘန်များသည် အာဖဂန်တာလီဘန်၊  အယ်လ်ခိုင်ဒါနှင့် ခိုရာဆန်ပြည်နယ်အစ္စလာမ္မစ်နိုင်ငံတော် (ISKP) တို့နှင့် နက်ရှိုင်းသော သမိုင်းဝင် ဆက်ဆံရေးရှိနေသည်။ TTP အဖွဲ့သည် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနောက်ပိုင်း ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တွင် အယ်လ်ခိုင်ဒါဂျီဟတ်နိုင်ငံရေး၏ ရလဒ်တစ်ခုဖြစ်သည်။

ပါကစ္စတန်စစ်တပ်သည် ကိုယ်ပိုင် မဟာဗျူဟာပန်းတိုင်များ အောင်မြင်စေရန်  ဂျီဟတ်များနှင့် စစ်သွေးကြွအဖွဲ့အစည်းများကို ပေါက်ဖွားစေမည့် အကြမ်းဖက်အဖွဲ့အစည်းပုံစံကို ဖန်တီးခဲ့သည်။ သို့သော် အဆိုပါလုပ်ရပ်က ယခုအခါ ၎င်းတို့ကို ပြန်လည်ဝါးမြိုနေသော နတ်ဆိုးကို ဖန်တီးလိုက်သကဲ့သို့ဖြစ်လာသည်။

ပါကစ္စတန်စစ်တပ်နှင့် နာမည်ဆိုးဖြင့်ကျော်ကြားသော ISI သူလျှိုအေဂျင်စီတို့သည် အာဖဂန်နစ္စတန်နှင့် ကက်ရှ်မီးယားတို့တွင် တိုက်ခိုက်ရန် ဂျီဟတ်ပြည်သူ့စစ်များကို  လေ့ကျင့်ပေးခဲ့သည်။  ပါကစ္စတန်သည်  အာဖဂန်နစ္စတန်တွင် ယင်းစစ်သွေးကြွများ ၏အကူအညီကို မဟာဗျူဟာကျကျ နက်နက်ရှိုင်းရှိုင်းရရှိရန် မျှော်လင့်ထားပြီး ကက်ရှ်မီးယားတွင်လည်း အိန္ဒိယအစိုးရနှင့် စစ်တပ်ကို အားနည်းစေရန် အကြမ်းဖက်မှုနှင့် တိုက်ခိုက်မှုများကို ဖြန့်ကြက်လိုပြီး  နိုင်ငံရေးနှင့် လူမှုရေးမငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်ကြောင်း လေ့လာသူများ၏ တင်ပြချက်ကို ကိုးကား၍ Geo-Politik က ဖော်ပြခဲ့သည်။

ပါကစ္စတန်တာလီဘန်များ (TTP ) သည် ပါကစ္စတန်တွင် ပျော့ညံ့သောအစိုးရနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကို အသုံးချနေသလို အစိုးရကလည်း မတူကွဲပြားသော ချဉ်းကပ်မှုဖြင့် လုပ်ဆောင်လျက်ရှိသည်။ အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်ကို ဆန့်ကျင်ရာတွင် အာဖဂန်တာလီဘန်တို့ အောင်ပွဲရပြီးနောက် အတင့်ရဲလာသော TTP သည် ယမန်နှစ် ဇွန်လက သဘောတူညီခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ဖျက်သိမ်းကြောင်း ကြေညာထားသည်။ ထို့အပြင် နိုင်ငံအနှံ့ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ၎င်း၏ တိုက်ခိုက်ရေးသမားများကို အမိန့်ပေးထားသည်။ ပါကစ္စတန်တာလီဘန် (TTP) အဖွဲ့သည် အာဖဂန်နစ္စတန်နိုင်ငံကဲ့သို့ ပါကစ္စတန်တွင် အာဏာရှင်အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်နိုင်သည်အထိ တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း Geo-Politik က ဖော်ပြသည်။

ခိုင်ဘာပက်ခ်တွန်ခဝါတွင် နေထိုင်သူများသည် များပြားလှသော အကြမ်းဖက်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်မှုများ၊ မကြာခဏ အကြမ်းဖက်မှုများနှင့် အကြောင်းမဲ့သတ်ဖြတ်မှုဖြစ်ရပ်များ မြင့်တက်လာသည်ကို ကြုံတွေ့နေရသည်။ မကြာသေးမီက အဆိုပါပြည်နယ်သည် ဘာလိုချီစတန်လွတ်မြောက်ရေးတပ် (BLA) နှင့် ပါကစ္စတန်တာလီဘန် (TTP) အပါအဝင် စစ်သွေးကြွအုပ်စုများစွာနှင့် ပါကစ္စတန်စစ်တပ်တို့ကြား ပဋိပက္ခဖြစ်ပွားနေသည့်နေရာဖြစ်ခဲ့သည်။

အထူးသဖြင့် ပါကစ္စတန် တာလီဘန်အဖွဲ့ဟုလည်း လူသိများသော TTP ကို ​​၂၀၀၇ ခုနှစ်တွင်  ပါကစ္စတန်၏ ဖယ်ဒရယ်စန်စဖြင့်အုပ်ချုပ်သောလူမျိုးစုဧရိယာ (FATA) တွင် လှုပ်ရှားနေသော စစ်သွေးကြွအုပ်စုများအတွက် ပင်မအဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းခဲ့သည်။ ပါကစ္စတန်တာလီဘန်များ၏ သောင်းကျန်းမှုကြောင့် အပြစ်မဲ့ နိုင်ငံသား ထောင်ပေါင်းများစွာ သေဆုံးပြီး သန်းနှင့်ချီသော ဒေသခံပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း Geo-Politik က ဆိုသည်။

​​ပါကစ္စတန်စစ်တပ်၏ အကျိုးစီးပွားကို ခြိမ်းခြောက်မှုဖြစ် ယူဆရသည့် အခြားသော စစ်သွေးကြွအုပ်စုများ၏ လွှမ်းမိုးမှုကို တန်ပြန်ရန်အတွက်လည်း ပါကစ္စတန်တာလီဘန်ကို အသုံးချကြသည်။

ပါကစ္စတန်စစ်တပ်သည် ဒေသတွင်းလုပ်ဆောင်နေသည့် အခြားစစ်သွေးကြွအဖွဲ့များနှင့် ပါကစ္စတန်တာလီဘန်များကို လေ့ကျင့်ရေး၊ လက်နက်များနှင့် အခြားအထောက်အပံ့များ ပံ့ပိုးပေးခဲ့ကြောင်း မီဒီယာများ၏ တင်ပြချက်ကို ကိုးကား၍ Geo-Politik က ဆိုသည်။ ထို့ပြင် အဆိုပါအဖွဲ့များ၏ လှုပ်ရှားမှုများကို စစ်တပ်က မျက်ကွယ်ပြုထားပြီး အချို့သော နယ်မြေများတွင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပင်ပေးထားသည်ဟု ပြောဆိုမှုများလည်း ရှိသည်။  ထိုသို့လုပ်ဆောင်ခြင်းသည် ခိုင်ဘာပက်ခ်တွန် ခဝါပြည်နယ်တွင် သောင်းကျန်းမှု မြင့်တက်လာစေရန် အထောက်အကူဖြစ်စေပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်စေသော အကျိုးသက်ရောက်မှုများ ရှိလာသည်။

ပါကစ္စတန်စစ်တပ်၏ စွမ်းဆောင်ရည်ကျဆင်းမှုနှင့် ထိရောက်အောင် မလုပ်ဆောင်နိုင်မှုတို့ကို စိတ်ပျက်လာသော ပြည်သူများသည် အကြမ်းဖက်ဝါဒနှင့် ၎င်းကို လုံးဝမတားဆီးနိုင်သည့် ပါကစ္စတန်အစိုးရကို  အမြဲလိုလို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly