တိဗက်တွင် အသုံးပြုသည့် DNA စုဆောင်းရေးကိရိယာများကို အမေရိကန်ကုမ္ပဏီတစ်ခုက ရောင်းချပေးနေ

By ANI
11 January 2023
တိဗက်တွင် အသုံးပြုသည့် DNA စုဆောင်းရေးကိရိယာများကို အမေရိကန်ကုမ္ပဏီတစ်ခုက ရောင်းချပေးနေ

တရုတ်ဆိုင်ရာ အမေရိကန်လွှတ်တော်နှင့်အမှုဆောင်ကော်မရှင် (CECC) မှ အဖွဲ့ဝင် ၄ ဦးက တရုတ်အစိုးရ၏ တိဗက်လူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွင် ကုမ္ပဏီထုတ်ကုန်များ ပါဝင်ပတ်သက်နေသည့်အတွက် စိုးရိမ်ကြောင်း  အမေရိကန်အခြေစိုက် Thermo Fisher Scientific Inc. ကုမ္ပဏီထံသို့ စာရေးသား သတိပေး လိုက်သည်။

အဆိုပါ ကုမ္ပဏီသည် အစုလိုက်အပြုံလိုက်စောင့်ကြည့်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်ရန် အသုံးပြုသည့် DNA စစ်ဆေးသည့်ကိရိယာများနှင့် အပိုပစ္စည်းများကို တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) ရှိ ရဲတပ်ဖွဲ့ထံသို့ တိုက်ရိုက်ရောင်းချခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်ဟု Tibet Press သတင်းဌာနက ဖော်ပြခဲ့သည်။

" Thermo Fisher ကုမ္ပဏီက DNA စစ်ဆေးသည့်ကိရိယာများနှင့် အပိုပစ္စည်းများကို တရုတ်နိုင်ငံ  တိဗက်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ (TAR) ရှိ ရဲများထံသို့ တိုက်ရိုက်ရောင်းချခဲ့သည်ကို စိုးရိမ်သည့်အတွက် စာရေးသားလိုက်ပါသည်။ အပိုပစ္စည်းများရောင်းချခြင်းက တိဗက်တွင် ကုမ္ပဏီ၏ DNA စစ်ဆေးစက်ကိရိယာများ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြနေသည်" ဟု Thermo Fisher Scientific ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မာ့ခ်ကတ်စပါထံသို့ ပေးစာတွင် CECC ၏ ၂ ပါတီစလုံးမှ ကော်မရှင်အဖွဲ့ဝင်များက ရေးသားထားသည်။

"တရုတ်တွင် DNA စုဆောင်းအသုံးပြုမှုအတွက် ကာကွယ်ပေးနိုင်မှု မရှိသလောက်နည်းပါးပြီး Thermo Fisher Scientific အပါအဝင် အမေရိကန်ကုမ္ပဏီများက လူ့အခွင့်အရေးချိုးဖောက်မှုများကို မရည်ရွယ်ဘဲဖြစ်စေ ရည်ရွယ်၍ဖြစ်စေ အားပေးကူညီနေနိုင်သည့်အတွက် ထိတ်လန့်မိပါသည်" ဟု ဖော်ပြထားပြီး တိဗက်မှ ရဲတပ်ဖွဲ့က ၂၀၁၆ ခုနှစ် ဇွန်လမှ ၂၀၂၂ ခုနှစ်အတွင်း DNA နမူနာ ၉ သိန်းနှင့် ၁ ဒသမ ၂ သန်း  အကြား စုဆောင်းခဲ့ကြောင်း တိုရွန်တိုအခြေစိုက် Citizen Lab ၏ စက်တင်ဘာ ၂၀၂၂ အစီရင်ခံစာကို ကိုးကားပြထားသည်။

တိဗက်လူမျိုးများသည် ရက်စက်မှု၊ ဖိနှိပ်မှုနှင့် လူမှုရေးထိန်းချုပ်မှုများကို ဆယ်စုနှစ်များစွာခံခဲ့ရသောကြောင့် တိဗက်လူမျိုးများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းက စိုးရိမ်ပူပန်စရာကောင်းကြောင်း CECC ကော်မရှင်အဖွဲ့ဝင် များက ပြောကြားခဲ့သည်။

တရုတ်အာဏာပိုင်များက တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၆ ခုနှစ် ဇွန်လမှ စတင်၍ အစုလိုက် အပြုံလိုက် DNA စုဆောင်းမှု ပြုလုပ်ခဲ့ရာ ကလေးငယ်များအပါအဝင် လူဦးရေ၏ ၃ ပုံ ၁ ပုံခန့် ရှိခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နှင့် အခြားအဖွဲ့များ၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။

ဥပဒေပြုအမတ်များက သက်ဆိုင်ရာ အစိုးရများအား ယင်းကိစ္စကို ထပ်မံစုံစမ်းရန်နှင့် BGI Group နှင့် Thermo Fisher တို့နှင့် စီးပွားရေး လုပ်ဆောင်မှုများကို ဆိုင်းငံ့ထားရန် တောင်းဆိုထားသည်။

စုံစမ်းစစ်ဆေးမှုများအရ Thermo Fisher ကဲ့သို့ အမေရိကန်ကုမ္ပဏီတစ်ခုထက်မနည်းသည် တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် DNA စစ်ဆေးသည့်ပစ္စည်းများကို ထောက်ပံ့ပေးနေသည်ဟု တရုတ်ဆိုင်ရာ နိုင်ငံတကာပါလီမန် မဟာမိတ်အဖွဲ့ (IPAC) က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly