အင်တာနက်၊ ဝိုင်ဖိုင် လိုင်းများနှေးသည့်အပြင် VPN ချိတ်ဆက်မှုတွင်လည်း အခက်အခဲများဖြစ်နေ

By ဂန္ဒမာ (မဇ္ဈိမ)
10 January 2023
အင်တာနက်၊ ဝိုင်ဖိုင် လိုင်းများနှေးသည့်အပြင် VPN ချိတ်ဆက်မှုတွင်လည်း အခက်အခဲများဖြစ်နေ

ဇန်နဝါရီလ ၁၀ ရက်

နေပြည်တော် အပါအဝင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူများအကြား အင်တာနက်၊ ဝိုင်ဖိုင်လိုင်းများ နှေးသဖြင့် အသုံးပြုရအဆင်မပြေကြောင်းနှင့် VPN (a virtual private network) ချိတ်ဆက်ရာတွင်လည်း အခက်အခဲများဖြစ်နေကြောင်း ကြားသိရသည်။

“မနက်ကတော့ Atom နဲ့ Ooredoo လိုင်းပြတ်နေတယ်။ Wifi ကတော့ ရန်ကုန်မှာအစုံရှိတော့ ဘယ်ဟာသက်သက် မကောင်းတာရယ်လို့မရှိဘူး မကောင်းရင်အကုန်မကောင်းတာ။ လိုင်းပျက်တာက ဖုန်းလိုင်းကိုပျက်နေတာ ဖုန်းအပေါ်ဘယ်ဘက်မှာ တစ်တုံးမှမမိဘူး” ဟု တာမွေမြို့နယ်တွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။

ပုဇွန်တောင်မြို့နယ်တွင်နေထိုင်သော ဒေသခံတစ်ဦးကလည်း VPN ချိတ်ဆက်မှုတွင် အခက်အခဲဖြစ်ရကြောင်းကို ယခုလိုပြောပြသည်။

“ပြီးခဲ့တဲ့တစ်ပတ်လောက်တုန်းကတော့ VPN တွေလုံးဝသုံးရတာ သိပ်အဆင်မပြေဘူး၊ ညီမလိုမျိုး Paid VPN ( ငွေပေး၍ အသုံးပြုရသည့် VPN) သုံးတဲ့သူတောင်မှ VPN က အရင်တုန်းကဆိုရင် ပျက်မကျဘူး။ VPN ကိုပိတ်လိုက်မှပဲ ပြီးသွားတာ။ အခုကျတော့ VPN က တစ်နာရီ တစ်ခါလောက် နှစ်နာရီ တစ်ခါလောက် ပျက်ကျတဲ့ပုံစံမျိုးရှိတယ်။ Paid VPN( ငွေပေး၍ အသုံးပြုရသည့် VPN) မဟုတ်ပဲ ရိုးရိုး Free VPN (အခမဲ့VPN)သုံးနေတဲ့သူတွေကတော့ ခဏခဏ ပျက်ကျတာမျိုး ရှိတယ်ပေါ့” ဟု ဆိုသည်။

အင်တာနက်လိုင်းကျဆင်းခြင်းနှင့် VPN ချိတ်ဆက်မှု ခက်ခဲခြင်းတို့ကြောင့် တော်လှန်ရေးအက်ပလီကေးရှင်းများတွင် ကလစ်နေကြသော ထောက်ပို့ ကလစ်ကာများအဖို့လည်း ရိုက်ခတ်မှုများရှိပြီး အခက်အခဲများစွာရှိကြောင်း ကြားသိရသည်။

အခမဲ့ အသုံးပြုခွင့်ပေးထားသည့် Free VPN များကို အသုံးပြု၍ တော်လှန်ရေးအတွက် ကလစ်နေကြသူများမှာ အက်ပလီကေးရှင်းတွင် ကြော်ငြာအတက်နည်းခြင်းကို ကြုံနေရသဖြင့် Paid VPN ပြောင်း၍ သုံးမှသာ အဆင်ပြေမှုရှိသည်ဟု ကလစ်ကာ(Clicker)အသိုင်းအဝိုင်းမှတစ်ဆင့် သိရသည်။

Wifiလိုင်းများ ပြတ်တောက်သည်မဟုတ်ဘဲ လိုင်းကျသည့် အနေအထားဖြစ်ပေါ်မှုများရှိကြောင်းကိုလည်း နေပြည်တော်မှဒေသခံများက ယခုလိုပြောပြသည်။

“အင်တာနက်တော့ တို့ဆီ လိုင်းမကောင်းဘူး။ myanmar net ပေါ့နော်။ ဒီဇင်ဘာ ၂၈ လောက်က စပြီးမကောင်းတာ အဝိုင်းပဲလည်နေတာ။ ဒီနေ့ထိ သေချာမကောင်းသေးဘူး။ New year နေ့တွေကဆို Ooredoo data ရော လိုင်းသိပ်မကောင်းဘူး။ ကျန်တဲ့ချိန်ပြန်ရတယ် Ooredooက။ vpn က ချိတ်လို့ရပေမဲ့ သုံးမရတာတွေတော့ရှိတယ်” ဟုဆိုသည်။

ထို့ကြောင့် Wifi ၊ ဖိုင်ဘာအင်တာနက်လိုင်းများ နှေးကွေးနေမှုနှင့်ပတ်သက်၍ အသုံးပြုသူတစ်ဦးက Myanmar Net သို့ ဆက်သွယ်မေးမြန်းရာ “ လိုင်းပျက်နေတာမျိုး လိုင်းပြင်နေတာမျိုးမရှိဘူး။ ပုံမှန်ပါပဲ။ လိုင်းမကောင်းတာ အဆင်မပြေတာက တိုက်ကို joinတဲ့ကြိုးတွေများ ဖြစ်နေမလားမသိဘူး။ အသေးစိတ်ကို စက်နံပါတ်နဲ့ Showroom မှာ လာပြောပေးလို့ရပါတယ်” ဟု ပြန်လည်ဖြေကြားကြောင်း သိရှိရသည်။

ထိုကဲ့သို့ ဖြစ်ပွားနေမှုမှာ ရန်ကုန်ရှိ မြို့နယ်များတွင် သိသိသာသာဖြစ်ပေါ်နေပြီး နေပြည်တော်တွင်လည်း အလားတူ အင်တာနက်နှင့် VPN ချိတ်ဆက်မှု အခက်အခဲများရှိနေကာ ကာလအားဖြင့် ရက်သတ္တပတ် တစ်ခုကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် အင်တာနက်အသုံးပြုသူများက စစ်ကောင်စီ၏ အင်တာနက်ထိန်းချုပ်မှုများကို ရှောင်နိုင်ရန်အတွက် VPNကို ကြားခံထား၍ အသုံးပြုလာကြခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly