နာမကျန်း CDM ကျန်းမာရေး၀န်ထမ်းများ ပုဂ္ဂလိကဆေးရုံဆေးပေးခန်းများသို့ တက်ရောက်ကုသခွင့်မရဖြစ်နေဟုဆို

By 007 (မဇ္စျိမ)
10 January 2023
နာမကျန်း CDM ကျန်းမာရေး၀န်ထမ်းများ ပုဂ္ဂလိကဆေးရုံဆေးပေးခန်းများသို့ တက်ရောက်ကုသခွင့်မရဖြစ်နေဟုဆို
ပုံစာ  စစ်အာဏာသိမ်းခြင်းအား လက်မခံကြောင်း မန္တလေးမှ CDM ကျန်းမာရေးဝန်ထမ်းများက လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြစဉ်

ဇန်နဝါရီလ ၁၀ ရက်

မန္တလေးမြို့တွင် နာမကျန်းဖြစ်သည့် CDM ကျန်းမာရေး၀န်ထမ်းများ၊ ပုဂ္ဂလိကဆေးရုံဆေးပေးခန်းများသို့ တက်ရောက်ဆေးကုသခွင့်မရဘဲဖြစ်နေကြောင်း CDM ကျန်းမာရေး၀န်ထမ်းအသိုက်အ၀န်းထံက သိရသည်။

“ဆေးရုံငါးခုအပိတ်ခံရပြီးနောက်ပိုင်း ပိုဆိုးလာတာခင်ဗျ၊ အရင်ကလက်ခံကုသပေးတဲ့ဆေးရုံဆေးခန်းတွေတောင် အခုနောက်ပိုင်းမရတော့ဘူး၊ CDM ၀န်ထမ်းမှန်းသိရင်ကို၊ ဆေးခန်းထဲအ၀င်မခံတော့တဲ့အခြေအနေပါ” ဟု စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CDM(Civil Disobedience Movement) အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုပြုလုပ်ထားသည့် ကျန်းမာရေး၀န်ထမ်းတစ်ဦးက ပြောသည်။

စစ်အပ်အာဏာသိမ်းပြီးနောက် နိုင်ငံပိုင်ဆေးရုံဆေးပေးခန်းများသို့ တက်ရောက်ဆေးကုသခွင့်မရတော့သည့် CDM ကျန်းမာရေး၀န်ထမ်းများအနေနှင့်၊ ပုဂ္ဂလိကဆေးရုံဆေးပေးခန်းများသို့သာ အားကိုးအားထားပြုနေရချိန်၊ ယခုလိုပုဂ္ဂလိကဆေးရုံများဘက်က ပြုမူလာခြင်းကြောင့် အခက်အခဲများစွာဖြစ်ကြရကြောင်း ၎င်းတို့အပြောအရ သိရသည်။

“ဆေးကုမပေးရဘူးလို့ ညွှန်ကြားလာတာမျိုးတော့မကြားသေးဘူး၊ အကောင်းဆုံးကတော့ CDM သမားတွေ၊ မလာတာအကောင်းဆုံးပါပဲ၊ ဆေးရုံတွေမှာ စောင့်ကြည့်တွေအများကြီးဆိုတော့၊ အဖမ်းခံရနိုင်တယ်၊ CDM စာရင်းတွေက သူတို့(စစ်အုပ်စု)ဆီမှာရှိထားတော့ နာမကျန်းလို့ဆေးကုမရတာထက် အဖမ်းမခံရဖို့ Non CDM တွေနဲ့ ခပ်ဝေးဝေးနေတာအကောင်းဆုံးပဲ” ဟု ပုဂ္ဂလိကဆေးရုံတစ်ခုတွင် တာ၀န်ထမ်းဆောင်နေသည့် Non CDM ၀န်ထမ်းတစ်ဦးက ဆိုသည်။

အာဏာသ်ိမ်းစစ်ကောင်စီသည်၊ CDM ကျန်းမာရေး၀န်ထမ်းများကို ဥပဒေမဲ့ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေခြင်းနှင့် CDM ၀န်ထမ်းများအား၊ စစ်အုပ်စုအလိုကျဖိနှိပ်နေသည့် Non CDM များအနေနှင့် စစ်ကောင်စီအလိုကျ ဆက်လက်ဖိနှိပ်နေမည်ဆိုပါက အပြင်းအထန်တုံ့ပြန်သွားမည်ဖြစ်ကြောင်း CDM ကျန်းမာရေးအင်အားစုများပူးပေါင်းဖွဲ့စည်းထားသော CDM Medical Network က ကြေညာချက်ထုတ် ပြန်ထားပြီး၊ ပြည်သူအနေနှင့်လည်း၊ CDM ၀န်ထမ်းများကို၊ အလုပ်အကိုင်အခွင့်အလမ်းများအပါအ၀င် စိတ်ပိုင်းရုပ်ပိုင်းဆိုင် ရာထိရောက်သောကူညီထောက်ပံ့မှုများ ပေးအပ်ကြရန်မေတ္တာရပ်ခံထားသည်။

CDM ကျန်းမာရေး၀န်ထမ်းများအပေါ်၊ အကြမ်းဖက်စစ်အုပ်စုအလိုကျ ဆက်လက်ဖိနှိပ်နေမည်ဆိုပါက အပြင်းအထန်တုံ့ပြန်သွားမည်ဟုလည်း ၎င်းအဖွဲ့ကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်အောက်တိုဘာလအထိ CDM ကျန်းမာရေး၀န်ထမ်း ၅၈ဦးကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ပြီး၊ ၇၀၀ကျော်ကို ဖမ်းဆီးညှဥ်းပန်းနှိပ်စက်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေး၀န်ကြီးဌာနထုတ်ပြန်သည့်သတင်းအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly