ဘာလိုချီစတန်ရှိ သတ္တုတွင်းများမှ တရုတ်ကုမ္ပဏီများ အကျိုးအမြတ်ရနေချိန်တွင် ဒေသခံများ အကျိုးခံစားခွင့် မရ

By ANI
11 January 2023
ဘာလိုချီစတန်ရှိ သတ္တုတွင်းများမှ တရုတ်ကုမ္ပဏီများ အကျိုးအမြတ်ရနေချိန်တွင် ဒေသခံများ အကျိုးခံစားခွင့် မရ

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှ ဘာလိုချီစတန်ပြည်နယ်သည် ရွှေ၊ ငွေနှင့် ကြေးနီ တူးဖော်နေသည့် တရုတ်ကုမ္ပဏီအတွက် အမြတ်အစွန်းအများဆုံးရရှိစေသည့် ကြွယ်ဝသောသယံဇာတများကို ပိုင်ဆိုင်ထားသော်လည်း ဒေသခံများမှာ အကျိုးခံစားခွင့် မရကြကြောင်း The China Project သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဘာလိုချီစတန်ပြည်နယ်တွင် ရွှေ၊ ငွေနှင့် ကြေးနီတူးဖော်သည့် တရုတ်ကုမ္ပဏီဖြစ်သည့် Metallurgical Construction Corp (MCC) သည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၅ သန်းခန့် အမြတ်ငွေရရှိခဲ့ကြောင်း The China Project တွင် ဖော်ပြထားသည်။

ပါကစ္စတန်အစိုးရမှ ရာနှုန်းပြည့်ပိုင်ဆိုင်သည့် စိန်ဒက်ခ်သတ္တုလုပ်ငန်းလိမီတက် (SML) သည် တရုတ်နိုင်ငံမှ အင်ဂျင်နီယာကုမ္မဏီနှင့်အတူ ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းတွင် စိန်ဒက်ခ်မြို့အနီးရှိ ကြေးနီနှင့်ရွှေသိုက်များကို ကနဦးရှာဖွေတွေ့ရှိခဲ့သည်။

ပါကစ္စတန်နှင့် တရုတ်တို့သည် ၁၉၉၅ ခုနှစ်တွင် သတ္တုတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၃၅၀ တန်ကြေးရှိ တရားဝင်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး တရုတ်ပိုင် Metallurgical Group Corporation ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Metallurgical Corporation of China Ltd. (MCC) ကို ကနဦး ၁၀ နှစ် လုပ်ကိုင်ခွင့် ပေးခဲ့သည်။

ဘာလိုချီစတန်ပြည်နယ်သည် တရုတ်ကုမ္ပဏီများအတွက် ငွေထုတ်စက်ဖြစ်လာသော်လည်း ၁ နှစ်အတွက် ၁ ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ၀၀၀ အောက်ရှိသည့် ဆင်းရဲနွမ်းပါးသောဒေသအဖြစ် ရှိနေဆဲဖြစ်ပြီး ဒေသခံများသည် မည်သည့်ခံစားခွင့်မျှ မရကြဟု ဆိုလိုရာရောက်သည်။ ၁၉၉၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်အရ MCC သို့ င်ငွေ၏ ၄၆ ရာခိုင်နှုန်းမှ ၄၈ ရာခိုင်နှုန်း၊ ပါကစ္စတန်အစိုးရအား ၅၃ ရာခိုင်နှုန်းနှင့် ဘာလိုချီစတန်ပြည်နယ်အစိုးရအား ၅ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်းအကြား  ပေးအပ်ခဲ့သည်။

တရုတ်အစိုးရက ၎င်းစီမံကိန်းများသည် ပါကစ္စတန်နိုင်ငံသားများအတွက် အကျိုးအမြတ်များကြောင်း ခံယူထားသည်။ ။ MCC ၏ အထွေထွေမန်နေဂျာ ဟဲရှူဖျင့်က အဆိုပါဒေသတွင် ရေသန့်ရရှိရန် ဒေါ်လာ ထောင်ပေါင်းများစွာ သုံးစွဲခဲ့ပြီး လျှပ်စစ်မီးအခမဲ့ရရှိရေးနှင့် စာသင်ကျောင်းများ ပြုပြင်မွမ်းမံရေးတို့ကို စီစဉ်ပေးခဲ့ကြောင်း ဇန်နဝါရီလ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ချာဂိုင်းမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကာဇင်ဘာလော့ချ်က အဆိုပါဒေသသည် အလယ်ခေတ်ပုံစံအတိုင်းသာရှိနေသေးကြောင်း The China Project သို့ပြောကြားခဲ့သည်။

"မြေသားအိမ်များ၊ ရွှံ့နွံထူထပ်ပြီး မခင်းရသေးသောလမ်းများ၊ သောက်သုံးရေရှားပါးမှု၊ ဆင်းရဲမွဲတေမှု၊ ချို့တဲ့မှု၊ ဖွံ့ဖြိုးမှုနောက်ကျခြင်းနှင့် ခေတ်နောက်ကျမှုများ ရှိနေသေးသည်" ဟု ဘာလော့ချ် ကပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ သတ္တုတွင်းသည် အလုပ်အကိုင်ပေါင်း ၂ ၀၀၀ ကျော် ဖန်တီးပေးခဲ့ပြီး ဓာတ်မှန်၊ X-ray စက်များနှင့် အခြားအဆင့်မြင့်စက်ပစ္စည်းများကို အသုံးပြုသည့် ဆေးရုံ တစ်ခုတည်ဆောက်ရန် ကူညီပေးခဲ့ကြောင်း ပါကစ္စတန်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

သို့သော် လက်တွေ့တွင်မူ အဖြစ်မှန်နှင့် ကွာခြားနေသည်။ ဒေသခံများအတွက် အလုပ်အကိုင်များ ဖန်တီးပေးခြင်းမှာ အလွန်နည်းပါးပြီး ဒေသတွင်းအခြေအနေသည် သနားစရာကောင်းသည် ဟု ပါကစ္စတန်၏ ထိပ်တန်းမီဒီယာအဖွဲ့ Dawn နှင့်ဆက်စပ်သည့် ချာဂိုင်းမြို့မှ သတင်းထောက် အက္ကဘာနိုတိဇိုင်က The China Project ဝက်ဘ်ဆိုက်တွင် ရေးသားထာသည်။

"ရွှေနဲ့ ကြေးနီတွေကို ဆယ်စုနှစ် နှစ်ခုလောက် ထုတ်ယူနေပေမယ့် အစိုးရက ဘာလို့ လမ်းချော မဖောက် သေးတာလဲ။ ကုမ္ပဏီတွေဆီသွားတဲ့ လမ်းတွေရှိပေမယ့် ရွာတွေ တော်တော်များများအတွက် လမ်းတွေ မဖောက်ရသေးဘူး" ဟု နိုတိဇိုင်က The China Project သို့ ပြောကြားခဲ့သည်။

တရုတ်နှင့် ပါကစ္စတန်အစိုးရတို့ထံ၏ အပေါ်ယံ အတုအယောင်ကတိများသည် ဘာလိုချီစတန်ပြည်နယ်မှ တက်ကြွလှုပ်ရှားသူများကို စိတ်ပျက်စေသည်။

ခွဲထွက်ရေးအုပ်စုများသည် ဘာလိုချီစတန်ပြည်နယ် လွတ်လပ်ရေးအတွက် စစ်ပွဲဆင်နွှဲနေကာ တရုတ်လူမျိုးများအား ပြည်နယ်တွင်းမှ နှင်ထုတ်လိုကြောင်းနှင့် တရုတ်နှင့်ပါကစ္စတန်ကြား နီးကပ်သည့် နိုင်ငံရေး ဆက်ဆံမှုများကြောင့် ပါကစ္စတန်အစိုးရသည် ထိုအချက်ကို လက်မခံကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဂျန်မူဟာမက်ဘာလော့ချ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly