တရုတ်တွင် ဈေးနှုန်းသက်သာခွင့်မရခဲ့သည့် Tesla ကားဝယ်သူများ ဆန္ဒပြ

By Reuters
11 January 2023
တရုတ်တွင် ဈေးနှုန်းသက်သာခွင့်မရခဲ့သည့် Tesla ကားဝယ်သူများ ဆန္ဒပြ

ကားဈေးနှုန်းများ ရုတ်တရက် လျှော့ချလိုက်ချိန်တွင် တရုတ်နိုင်ငံမှ ရာနှင့်ချီသော Tesla ကားပိုင်ရှင်များသည် Tesla ကားအရောင်းပြခန်းနှင့်ဖြန့်ချိရေးစင်တာများတွင် သီတင်းပတ်ကုန်က စုဝေးကြခဲ့ကာ အစောပိုင်းက ၎င်းတို့ဝယ်ခဲ့သည့် ဈေးပိုပေးခဲ့ရသော လျှပ်စစ်ကားများအတွက် ပြန်အမ်းငွေပေးရန် တောင်းဆိုနေကြသည်။

Tesla Model Y နှင့် Model 3 တို့ကို မကြာသေးမီက ဝယ်ယူခဲ့သူ ၂၀၀ ခန့်သည် ရှန်ဟိုင်းရှိ Tesla ဖြန့်ချိရေးစင်တာတွင် ဇန်နဝါရီလ ၇ ရက်က စုရုံးခဲ့ကြပြီး ၃ လအတွင်း ဒုတိယအကြိမ်စျေးနှုန်းများ လျှော့ရောင်းသည့် အမေရိကန်ကားထုတ်လုပ်သူ Tesla ၏ ဇန်နဝါရီလ ၆ ရက်က ဆုံးဖြတ်ချက်အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

Tesla က ရှင်ဟိုင်းစက်ရုံတွင် ရောင်းချမှုနှင့် ထုတ်လုပ်မှု တိုးမြှင့်ရန် ကြေညာထားသောကြောင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် Tesla သတ်မှတ်ထားသည့် ကားစျေးနှုန်းများကို ရုတ်တရက် သို့မဟုတ် များများစားစား လျှော့ချ လိမ့်မည်မဟုတ်ကြောင်း လူအများက ယုံကြည်ခဲ့ကြသည်။ အစိုးရထောက်ပံ့ကြေး သက်တမ်းကုန်ဆုံးမည့် ၂၀၂၂ ခုနှစ်အကုန်တွင် လူအများအပြားက ကားများကို ဝယ်ယူခဲ့ကြသည်။

လူမှုမီဒီယာတွင် ပျံ့နှံ့လာသည့် ဗီဒီယိုများတွင် ချန်ဒူးမြို့မှ ရှန်ကျန်းမြို့အထိ အခြားတရုတ်မြို့များမှ Tesla အရောင်းဆိုင်များနှင့် ဖြန့်ချိရေးစင်တာများတွင် လူများစုဝေးကာ မကျေနပ်ကြောင်း ပြသခဲ့ကြသည်။

ကားစျေးနှုန်းများကို ဇန်နဝါရီလ ၆ ရက်က အံ့အားသင့်ဖွယ်လျှော့ချပြီးနောက် တရုတ်နိုင်ငံရှိ Tesla ၏ လျှပ်စစ်ကားစျေးနှုန်းများသည် စက်တင်ဘာလရောင်းဈေးအောက် ၁၃ ရာခိုင်နှုန်းမှ ၂၄ ရာခိုင်နှုန်းအကြား ရှိနေခြင်း ဖြစ်သည်။

Tesla လုပ်ဆောင်ချက်သည် ဒီဇင်ဘာလတွင် ကျဆင်းသွားခဲ့သည့် ရောင်းအားကို မြှင့်တင်ရန် ဖြစ်နိုင်ကြောင်းနှင့် ကမ္ဘာ့အကြီးဆုံးဘက်ထရီစွမ်းအင်သုံး ကားစျေးကွက်တွင် ဝယ်လိုအားကျဆင်းနေချိန်၌ အခြားသော လျှပ်စစ်ကားထုတ်လုပ်သူများလည်း ဈေးနှုန်းလျှော့ချရန် တွန်းအားပေးရန်ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြောကြားထားသည်။

ကားထုတ်လုပ်သူများသည် ဝယ်လိုအား အားနည်းလာချိန်တွင် လက်ကျန်များကို ရှင်းရန်နှင့် စက်ရုံများကို ဆက်လက်လည်ပတ်ရန် တစ်ခါတစ်ရံ ဈေးနှုန်းများလျှော့ချပေးလေ့ရှိသော်လည်း Tesla သည် အရောင်း ကိုယ်စားလှယ်များပါဝင်မှုနှင့်စျေးနှုန်းပွင့်လင်းမြင်သာမှုတို့မရှိဘဲ လုပ်ဆောင်မှုသည် ၎င်းကုန်အမှတ်တံဆိပ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာသည်။

"ဒါဟာ ပုံမှန်လုပ်ငန်းအလေ့အထတစ်ခု ဖြစ်နိုင်ပေမယ့် တာဝန်သိတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ မလုပ်သင့် မလုပ်ထိုက်ပါဘူး" ဟု ရှန်ဟိုင်းမြို့ မင်းဟန်ဆင်ခြေဖုံးရှိ ကုမ္ပဏီ၏ ဖြန့်ချိရေးစင်တာတွင် ဇန်နဝါရီ ၇ ရက်က ဆန္ဒပြခဲ့သည့် Tesla ကားပိုင်ရှင် ကျန်းက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က Tesla ဝန်ထမ်းများနှင့် စုရုံးဆန္ဒပြကြသည့် ကားပိုင်ရှင်များကြား တွေ့ဆုံဆွေးနွေးရန် ဆောင်ရွက် ပေးခဲ့ပြီး ကားပိုင်ရှင်များက လျော်ကြေးငွေ သို့မဟုတ် ပြန်အမ်းငွေပေးရန် မေတ္တာရပ်ခံမှု အပါအဝင် တောင်းဆိုချက် စာရင်းကို ပေးအပ်ခဲ့သည်ဟု ကျန်းက ပြောကြားခဲ့သည်။ Tesla ဝန်ထမ်းများက ဇန်နဝါရီလ ၁၀ ရက်တွင် အကြောင်းပြန်ရန် သဘောတူခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly