သမ္မတရှီကျင့်ဖျင်က ကိုဗစ်ကြောင့် ဒုက္ခရောက်နေသော တရုတ် ပြည်သူများကို ပစ်ထားကာ စီးပွားရေးကို အလေးထားနေ

သမ္မတရှီကျင့်ဖျင်က ကိုဗစ်ကြောင့် ဒုက္ခရောက်နေသော တရုတ် ပြည်သူများကို ပစ်ထားကာ စီးပွားရေးကို အလေးထားနေ

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် စီးပွားရေးကို အလွန် ချိနဲ့သွားစေသည်ဟု သမ္မတ ရှီကျင့်ဖျင်က ယုံကြည်နေခြင်းကြောင့် တရုတ်နိုင်ငံက ထိုမူဝါဒကို ဖြေလျှော့ပေးရန် ရုတ်တရက် ကြေညာခဲ့ခြင်းဖြစ်ကြောင်း ဆောင်းပါးရှင် ဂျိမ်းစ်စတန့်က Nikkei Asia တွင် ရေးသားထားသည်။

နိုင်ငံသည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒဖြင့် ဆက်လက်ရပ်တည်နေပါက စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုကြီးများကြောင့် လူမှုပဋိညာဉ်ကို ထိခိုက်လာစေနိုင်သည်ကို ကွန်မြူနစ်ပါတီက သိရှိလာသည့်အတွက် ထိုမူဝါဒကို လုံးဝစွန့်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ဂျိမ်းစ်စတန့်က ဆိုသည်။

စာရေးဆရာ ဂျိမ်းစ်စတန့်သည် "China's Banking Transformation: The Untold Story" စာအုပ်ကို ရေးသားခဲ့သူဖြစ်ပြီး China Everbright ဘဏ်၏ ညွှန်ကြားရေးမှူးဟောင်းတစ်ဦး ဖြစ်သည်။

ကိုဗစ်ရောဂါဖြစ်ပွားပြီးနောက် ရှီသည် နယ်စပ်အားလုံးကို ပိတ်ပစ်ခဲ့ပြီး တင်းကျပ်သည့် ကိုဗစ်လုံးဝ ကင်းစင်ရေး မူဝါဒကို ချမှတ်ခဲ့သည်။ အဆိုပါမူဝါဒကို နိုင်ငံတကာနှင့် တရုတ်နိုင်ငံသားများကပင် အစောပိုင်းတွင် ချီးကျူး ခဲ့ကြသော်လည်း ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် အခြေအနေ လုံးဝပြောင်းလဲသွားခဲ့ကြောင်း Nikkei Asia တွင် ရေးသားထားသည်။

ကျန်ကမ္ဘာ့နိုင်ငံများသည် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ဗိုင်းရပ်စ်နှင့်အတူယှဉ်တွဲနေထိုင်နိုင်ရန် လုပ်ဆောင် ခဲ့ကြသော်လည်း တရုတ်သည် ၎င်း၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒဖြင့် ချောင်ပိတ်မိနေခဲ့သည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကူးစက်မြန်ပြီးအားပျော့သည် အိုမီခရွန်မျိုးကွဲ ပျံနှံ့လာခဲ့သည့်အတွက် အစိုးရက ပိုမို တင်းကျပ်သည့် အသွားအလာကန့်သတ်မှုများကို ချမှတ်ခဲ့ရာ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းသွားခြင်း၊ ဒေသန္တရအစိုးရဘဏ္ဍာရေး ကျပ်တည်းလာခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်းများ ထိခိုက်ခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းများ ပျက်စီးခြင်းနှင့် လုပ်လက်မဲ့လူငယ်များ များပြားလာခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် ရေရှည်တည်တံ့ခြင်းမရှိသော်လည်း သမ္မတ ရှီက တရုတ်နိုင်ငံသည် မူလလမ်းစဉ်အတိုင်း ဆက်ရှိနေမည်ဟု အောက်တိုဘာလတွင်ကျင်းပသည့် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ် ပါတီညီလာခံတွင် ပြောကြားခဲ့သည်။ သို့သော် ရှီသည် တတိယအကြိမ် သမ္မတသက်တမ်း ရယူပြီးနောက် ရှန်ဟိုင်းနှင့် အခြားမြို့များတွင် အသွားအလာကန့်သတ်မှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့ကာ ကိုဗစ် လုံးဝကင်းစင်ရေးမူဝါဒမှာ ရုတ်တရက် ရပ်တန့်သွားသည်။ အစုလိုက်အပြုံလိုက် ရောဂါစမ်းသပ် စစ်ဆေးမှုများနှင့် အသွားအလာကန့်သတ်မှုများ ရပ်ဆိုင်းသွားကာ ဗိုင်းရပ်စ်သည် အန္တရာယ်မရှိတော့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဆန္ဒပြမှုများသည် အောက်တိုဘာလ အစည်းအဝေးမတိုင်မီ အကြီးပိုင်းခေါင်းဆောင်များကို သတိပေးလိုသည့် အကြောင်းအရင်းလည်း ဖြစ်နိုင်ကြောင်း စာရေးသူက မှတ်ချက်ပြုထားသော်လည်း မြို့နေလူထု အနည်းငယ်သာ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည်။

 သန်းရာနှင့်ချီသော ကျေးလက်နေပြည်သူများသည် ကိုဗစ်အသွားအလာကန့်သတ်မှုကြောင့် ထိခိုက်မှု  သိပ်မရှိခဲ့ပေ။ ကျေးလက်နေပြည်သူများသည် ၎င်းတို့ဘဝများကို သိသိသာသာတိုးတက်စေခဲ့သည့် ပါတီအပေါ် အရင်းခံအားဖြင့် သစ္စာစောင့်သိကြသည်ဟု Nikkei Asia တွင် ဖော်ပြထားသည်။

လတ်တလော ဆန္ဒပြပွဲများသည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအပေါ် အဓိကပစ်မှတ်ထားခဲ့သည်။ မူဝါဒကို ရပ်ဆိုင်းပြီးနောက် အစိုးရ၏ ကြောက်ခမန်းလိလိ ထောက်လှမ်းရေးနှင့်ထိန်းချုပ်မှုများကို ဖျက်သိမ်းကာ အာဏာပိုင်များသည် ဆန္ဒပြမှုများကို အလျင်အမြန် ရပ်တန့်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly