အခြားနိုင်ငံအားတိုက်ခိုက်ရန် နယ်မြေပိုင်နက်အသုံးချခွင့်ပေးသည်ဆိုသော ပါကစ္စတန်ပြောဆိုချက်ကို အာဖဂန် ဝေဖန်

By TOLO News
11 January 2023
အခြားနိုင်ငံအားတိုက်ခိုက်ရန် နယ်မြေပိုင်နက်အသုံးချခွင့်ပေးသည်ဆိုသော ပါကစ္စတန်ပြောဆိုချက်ကို အာဖဂန် ဝေဖန်

အာဖဂန်နစ္စတန်နှင့်ပတ်သက်သည့် မကြာသေးမီက ပါကစ္စတန်တာဝန်ရှိသူများ၏ ပြောဆိုချက်များသည် စိတ်ပျက်ဖွယ်ကောင်းကြောင်း အာဖဂန်နစ္စတန်ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၃ ရက်တွင် ပြောကြားလိုက်သည်။

အာဖဂန်သည် ပါကစ္စတန်အပါအဝင် အိမ်နီးချင်းနိုင်ငံအားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးကို လိုလားပြီး ပါကစ္စတန်တာဝန်ရှိသူများ၏ မကြာသေးမီက ပြောဆိုချက်များသည် မဟုတ်မှန်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဇာဘီအူလာမူဂျာဟစ်က ပြောကြားခဲ့သည်။

အာဖဂန်ဟာ ပါကစ္စတန် ဒါမှမဟုတ် တခြားနိုင်ငံတစ်ခုကို ဆန့်ကျင်ဖို့ အာဖဂန်နစ္စတန်ရဲ့မြေကို အသုံးမပြုနိုင်စေဖို့ အစွမ်းကုန်ကြိုးပမ်းနေပါတယ်”ဟု မူဂျာဟစ်က ပြောကြားခဲ့သည်။

ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခဝါဂျာ အာဆစ်ဖ်က GEO News သတင်းနှင့် အင်တာဗျူးတွင် “တာလီဘန်အစိုးရနဲ့ သဘောတူညီချက်ရရှိထားပေမယ့် ပါကစ္စတန်ကို တိုက်ခိုက်ရာမှာ အာဖဂန်နစ္စတန်မြေဟာ အသုံးချခံနေရပါတယ်” ဟု ပြောကြားခဲ့သည်။

"ကျွန်တော်တို့ အာဖဂန်အာဏာပိုင်တွေနှင့် အဆက်အသွယ်ရှိပါတယ် ရှိရင်းစွဲ ဆက်ဆံရေးအပေါ် မူတည်ပြီး အကြမ်းဖက်ဝါဒကို တားဆီးပြီးတော့ အခြားနိုင်ငံတွေကို ဆန့်ကျင်ရာမှာ အာဖဂန်မြေကို အသုံးပြုခွင့်မပေးဖို့ မျှော်လင့်ပါတယ်" ဟု ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

အကြမ်းဖက်သမားများအား ခိုအောင်းနေထိုင်ခွင့်ပေးခြင်းနှင့် ပံ့ပိုးကူညီခြင်းများကို မည်သည့်နိုင်ငံမှ ပြုလုပ်ခွင့်မရှိကြောင်း ပါကစ္စတန်နိုင်ငံလုံခြုံရေးကောင်စီက ဇန်နဝါရီလ ၂ ရက်က ပြောကြားခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှာရစ်ဖ် ဦးဆောင်သည့် ပါကစ္စတန်နိုင်ငံလုံခြုံရေးကောင်စီ၏ အစည်းအဝေးအပေါ် အာဖဂန်သမ္မတဟောင်း ဟာမစ်ကာဇိုင်းက “ပါကစ္စတန်ပြည်သူတွေဟာ အာဖဂန်ရဲ့ အိမ်နီးနားချင်း ညီအစ်ကိုတွေ ဖြစ်ကြပေမယ့် ပါကစ္စတန်ရဲ့ မလုံခြုံမှုနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ပါကစ္စတန်အစိုးရရဲ့မူဝါဒတွေကြောင့် ဖြစ်တာများပါတယ်” ဟု တွစ်တာတွင် ရေသားထားသည်။

ကာဇိုင်းက ပါကစ္စတန်အစိုးရအား လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်းမှ မိမိ၏မူဝါဒများကို လေးလေးနက်နက် ပြန်လည်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်နှင့် အင်အားအလွန်အကျွံသုံးစွဲမည့် ခြိမ်းခြောက်မှုများကို ရှောင်ကြဉ်ကာ ဒေသတွင်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးရရှိစေရန် အာဖဂန်နစ္စတန်နှင့် ကောင်းမွန်ယဉ်ကျေးသောဆက်ဆံရေးကို အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့သည်။

အာဖဂန်နှင့်ပါကစ္စတန်အနေဖြင့် ပြဿနာကို ဆွေးနွေးညှိနှိုင်းမှုများဖြင့် အဖြေရှာသင့်သည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

“နှစ်နိုင်ငံကြား ပြဿနာတစ်စုံတစ်ရာဖြစ်လာပါက ညှိညှိနှိုင်းနှိုင်း ဖြေရှင်းသင့်ပါတယ်။ အချင်းချင်း ခြိမ်းခြောက်တာက ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဟက်ဆန်ဟာက်ယာက ပြောသည်။

အာဖဂန်နစ္စတန်ရှိ တေရစ်ခ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့ ခိုအောင်းရာနေရာများကို အာဖဂန်နစ္စတန်က ဖြိုခွင်းခြင်းမပြုပါက ပါကစ္စတန်အနေဖြင့် တိုက်ခိုက်လာရနိုင်သည်ဟု ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ရာနာဆာနာအူလာက ပြောကြားပြီးနောက် အိမ်နီးချင်း နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

တာလီဘန်၏ ကြားဝင်ဖျန်ဖြေမှုဖြင့် TTP သည် ပါကစ္စတန်အစိုးရနှင့် ၂ လကြာ အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော် အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ပြီးနောက် TTP သည် ပါကစ္စတန်တွင် တိုက်ခိုက်မှုများစွာ ပြုလုပ်လာခဲ့သည်။

https://tolonews.com/afghanistan-181457

Islamic Emirate Calls Recent Remarks by Pakistani Officials Disappointing

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly