အမေရိကန်သမ္မတနှင့် WHO ၏ ဝေဖန်ခံရပြီးနောက် ကိုဗစ်ထိန်းချုပ်ရေး လုပ်ငန်းအပေါ်  တရုတ် ကာကွယ်ပြောဆို

အမေရိကန်သမ္မတနှင့် WHO ၏ ဝေဖန်ခံရပြီးနောက် ကိုဗစ်ထိန်းချုပ်ရေး လုပ်ငန်းအပေါ်  တရုတ် ကာကွယ်ပြောဆို

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုများကို စိုးရိမ်ကြောင်းနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က တရုတ်အစိုးရအနေဖြင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူများသတင်းကို ထိမ်ချန်ထားကြောင်း  ဝေဖန်ပြောဆိုမှုတို့အပေါ် တရုတ်အစိုးရက    ဆိုးရွားလာသော ကိုဗစ်-၁၉ ကူးစက်မှုအား ထိန်းချုပ်ဖြေရှင်းနေမှုအပေါ်  ဇန်နဝါရီ ၅ ရက်က ကာကွယ်ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံမှ တာဝန်ရှိသူများသည် မြေပြင်အခြေအနေများမှ အချက်အလက်များကို လျှော့ချ ထုတ်ပြန် နေကြောင်း WHO ၏ အရေးပေါ်အခြေအနေဆိုင်ရာ ဒါရိုက်တာ မိုက်ရိုင်ယန်က ဇန်နဝါရီ ၃ ရက်က ပြောကြားခဲ့သည်။

တရုတ်သည် နိုင်ငံတွင် ဆန္ဒပြမှုများကို ကြုံရပြီးနောက် လူဦးရေ ၁ ဒသမ၄ ဘီလီယံအား ဗိုင်းရပ်စ်ကူးစက်မှုမှ ၃ နှစ်ကြာ အကာအကွယ်ပေးထားသည့် မူဝါဒကို စွန့်လွှတ်ကာ တင်းကျပ်သော ကိုဗစ်ကန့်သတ်ထိန်းချုပ်မှုများကို ပြီးခဲ့သည့်လက ပယ်ဖျက်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်နင်းက တရုတ်နိုင်ငံသည် ကိုဗစ် အချက်အလက်များကို WHO နှင့် ပွင့်လင်းမြင်သာစွာနှင့် မြန်မြန်ဆန်ဆန် ဝေမျှခဲ့ပြီး တရုတ်နိုင်ငံ၏ ကပ်ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ပြီဟု ပေကျင်း၌ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရားဝင်မှု၊ အချိန်မီမှုနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ အခြေခံမူများနှင့်အညီ တရုတ်နိုင်ငံသည် WHO နှင့် အမြဲတစေ အနီးကပ်ဆက်သွယ်၍ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မျှဝေခဲ့ကြောင်း အချက်အလက်များက သက်သေပြလျက်ရှိသည်” ဟု မောင်နင်းက ပြောသည်။

တရုတ်တာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များသည် ဇန်နဝါရီ ၅ ရက်နေ့က ကျင်းပသည့် WHO နှင့် အဖွဲ့ဝင်နိုင်ငံများနှင့် အွန်လိုင်းအစည်းအဝေးတွင် နောက်ဆုံးအခြေအနေများကို တင်ပြခဲ့ကြောင်း တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်နှင့်သံတမန်များက ပြောသည်။

တရုတ်ပြည်မကြီး၌ ဇန်နဝါရီ ၃ ရက်က ကိုဗစ်ကြောင့် လူ ၅ သေဆုံးခဲ့ကာ ဇန်နဝါရီ ၄ ရက်တွင် ၁ ဦးထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း တရားဝင်သေဆုံးသည့်အရေအတွက်  ၅ ၂၅၉ ဦးအထိ ရှိခဲ့သည်။

တရုတ်နိုင်ငံသည် ဆေးရုံတက်လူနာ၊ အထူးကြပ်မတ်ကုသဆောင်ရှိ လူနာများနှင့် သေဆုံးမှုများကို အပြည့်အစုံ မထုတ်ပြန်သလို ကိုဗစ်နှင့်ဆက်စပ်သေဆုံးကြောင်း ကောက်ချက်ချမှုမှာလည်း လွန်စွာနည်းပါးကြောင်း ရိုင်ယန်က ပြောကြားခဲ့သည်။

ရိုင်ယန်က မှတ်ချက်ပြုပြီး နာရီပိုင်းအကြာ၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဆေးရုံများတွင် လူနာများ ပြည့်နှက်နေပြီး နာရေးများ များပြားနေသည့်အတွက် တရုတ်အစိုးရ၏ ကိုဗစ်ထိန်းချုပ်ကိုင်တွယ်မှုအပေါ်  စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly