WHO ၏ ကိုရိုနာဗိုင်းရပ်စ်အစည်းအဝေးတွင် တရုတ်နိုင်ငံ၌ ကူးစက်မှုမြင့်တက်သည့်ပြဿနာကို အလေးထားဆွေးနွေး

By  ANI
10 January 2023
WHO ၏ ကိုရိုနာဗိုင်းရပ်စ်အစည်းအဝေးတွင် တရုတ်နိုင်ငံ၌ ကူးစက်မှုမြင့်တက်သည့်ပြဿနာကို အလေးထားဆွေးနွေး

တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေခြင်းအတွက် ကိုရိုနာဗိုင်းရပ်စ်ပညာရှင်များသည် နောက်ထပ်အဆင့်များ ဆွေးနွေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ဇန်နဝါရီ ၃ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း UN News တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့အစည်းအဝေးသို့  တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များအား ဖိတ်ကြားခဲ့ကြောင်း WHO ၏ ပြောရေးဆိုခွင့်ရှိသူက ဂျီနီဗာရှိ သတင်းထောက်များကို အတည်ပြု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီနှင့် အဖွဲ့ဝင်နိုင်ငံများကို ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်းလဲမှုများနှင့် မျိုးကွဲများ အကြောင်း အကြံပေးရန် အဖွဲ့ဝင် ၃၀ ပါဝင်သော ကျွမ်းကျင်သူအဖွဲ့ကို ၂၀၂၀  ခုနှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့သည်။ အဖွဲ့၏နောက်ဆုံးအစည်းအဝေးကို  အောက်တိုဘာလက ကျင်းပခဲ့သည်။ 

ကိုဗစ်-၁၉ ကူးစက်မှုများ လတ်တလော မြင့်တက်လာမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် ဒီဇင်ဘာ ၃၀ ရက်တွင် အဆင့်မြင့်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အစောပိုင်းက ပြောကြားခဲ့သည်။

"တရုတ်နိုင်ငံကျန်းမာရေးကော်မရှင်နှင့် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစီမံခန့်ခွဲမှုမှ  အဆင့်မြင့် အရာရှိများသည် ကူးစက်ရောဂါဗေဒ နယ်ပယ်များတွင် ပြောင်းလဲလာသော မဟာဗျူဟာနှင့် လုပ်ဆောင်မှုများ၊ မျိုးကွဲများအား စောင့်ကြည့်ခြင်း၊ ဆေးခန်းများတွင် ကုသစောင့်ရှောက်မှုများ၊ လူထုဆက်သွယ်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတတ်မှုလုပ်ငန်းဆိုင်ရာများကို WHO ကို တင်ပြခဲ့သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နောက်ထပ်မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်၊ ဆေးရုံတက်ခြင်းအပါအဝင် ရောဂါ၏သက်ရောက်မှုများ၊  အထူးကြပ်မတ်ကုသဆောင် (ICU) တွင် တက်ရောက်ကုသူဦးရေနှင့် သေဆုံးသူများ စာရင်း၊ ကာကွယ်ဆေး ဖြန့်ဝေခြင်း ဆိုင်ရာ အချက်အလက်များနှင့် ကာကွယ်ဆေးထိုးမှု အခြေအနေများ အပါအဝင် ရောဂါကူးစက်မှုအခြေအနေနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို တိတိကျကျနှင့် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ရန် တရုတ်အား ပြီးခဲ့သည့် သီတင်းပတ်က တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂကျန်းမာရေးအဖွဲ့က ပြင်းထန်သောရောဂါနှင့် အသက်အန္တရာယ်ရှိသူများ သေဆုံးခြင်းမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးခြင်းနှင့် အားဖြည့်ဆေးများ၏ အရေးပါပုံကို  ထပ်လောင်းပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံအား ဗိုင်းရပ်စ် အမျိုးအစားခွဲခြင်း၊ ကုသမှုဆိုင်ရာ စီမံခန့်ခွဲမှုနှင့် သက်ရောက်မှု အကဲဖြတ်ခြင်းတို့ကို အားကောင်းလာစေရန်နှင့် အဆိုပါနယ်ပယ်များတွင် ပံ့ပိုးကူညီမှုများအပြင် နှောင့်နှေးကြန့်ကြာမှုများမရှိစေရေး ကာကွယ်ဆေးထိုးမှုဆိုင်ရာဆက်သွယ်ရေးကိစ္စများတွင် ပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း တရုတ်သိပ္ပံပညာရှင်များအား ပြောခဲ့သည်။

ကိုဗစ်-၁၉ ကုသမှုဆိုင်ရာစီမံခန့်ခွဲမှုကွန်ရက် အပါအဝင် WHO ဦးဆောင်သော ကိုဗစ်- ၁၉ ကျွမ်းကျင်သူ ကွန်ရက်များတွင် ပိုမိုပူးပေါင်းလုပ်ဆောင်ရန်လည်း တရုတ်ကို ဖိတ်ခေါ်ခဲ့သည်။

တရုတ်နှင့် ကမ္ဘာ့အသိုက်အဝန်းအား တိကျသော အန္တရာယ်အကဲဖြတ်ချက်များ ပြုလုပ်နိုင်စေရန်နှင့် ထိရောက်သော တုံ့ပြန်မှုများကို အသိပေးရာတွင် ကူညီနိုင်ရေးအတွက် စောင့်ကြည့်ခြင်းနှင့် အချိန်မီ အချက်အလက်ထုတ်ပြန်ခြင်းသည် အရေးကြီးကြောင်း ကုလသမဂ္ဂအဖွဲ့က အလေးပေးပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly