တိုက်ခိုက်မှုများဖြစ်ပေါ်လာပါက TTP ကို ​​အရေးယူရန် ပါကစ္စတန်တွင် အခွင့်အာဏာရှိဟု ပြည်ထဲရေးဝန်ကြီးပြော

By Tolo news     
10 January 2023
တိုက်ခိုက်မှုများဖြစ်ပေါ်လာပါက TTP ကို ​​အရေးယူရန် ပါကစ္စတန်တွင် အခွင့်အာဏာရှိဟု ပြည်ထဲရေးဝန်ကြီးပြော

ပါကစ္စတန်အစိုးရသည် အာဖဂန်နစ္စတန်တွင် ခိုအောင်းနေသော သောင်းကျန်းသူများ ခြိမ်းခြောက်လာပါက ၎င်းတို့အား တရားဥပဒေအရ အရေးယူရန် အခွင့်အာဏာရှိသည်ဟု ပြည်ထဲရေးဝန်ကြီး ရာနာဆာနူလာက ပြောသည်။

တာလီဘန်အစိုးရက  အာဖဂန်နစ္စတန်တွင် ခိုအောင်းနေသော တီရစ်-အီ-တာလီဘန်ပါကစ္စတန် (TTP)  အဖွဲ့ကို မရှင်းလင်းပါက ပါကစ္စတန်အနေဖြင့် အဆိုပါအဖွဲ့ကို တိုက်ခိုက်နိုင်သည်ဟု Express News နှင့် အင်တာဗျူးတစ်ခုတွင် ပါကစ္စတန်အရာရှိက ပြောကြားခဲ့သည်။

“ဒီပြဿနာတွေ ပေါ်ပေါက်လာတဲ့အခါ ကျွန်တော်တို့ရဲ့ အစ္စလာမ္မစ် ညီအကိုနိုင်ငံ ဖြစ်တဲ့ အာဖဂန်နစ္စတန်အနေနဲ့ ပုန်းအောင်းနေတဲ့အဖွဲ့ကို ရှင်းလင်းပြီး ကျွန်တော်တို့ဆီ လွှဲပြောင်းပေးဖို့ ဦးစွာတောင်းဆိုပါတယ်” ဟု ရာနာက ပြောကြားခဲ့သည်။

တာလီဘန်အစိုးရကလည်း အာဖဂန်နစ္စတန်ပြည်သူများကို မည်သူမျှ တိုက်ခိုက်၍ မရေကြောင်း တုံ့ပြန်ခဲ့သည်။

အာဖဂန်နစ္စတန်သည် ပါကစ္စတန်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိလိုကြောင်း၊  ပါကစ္စတန်တာဝန်ရှိသူများ စကားပြောဆိုရာတွင် သတိထားသင့်ကြောင်းနှင့် တခြားနိုင်ငံများ၏ ပိုင်နက်ကို မည်သည့်နိုင်ငံကမျှ တိုက်ခိုက်ခွင့် မရှိကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီအူလာမူဂျာဟစ်က ပြောကြားခဲ့သည်။

“ကမ္ဘာပေါ်မှာ ဒီလိုကျူးကျော်မှုမျိုးကို ခွင့်ပြုတဲ့ ဥပဒေမရှိပါဘူး။ စိုးရိမ်မှုတွေ ရှိခဲ့မယ်ဆိုရင် လုံလောက်တဲ့ တပ်ဖွဲ့ရှိပြီး အရေးယူဆောင်ရွက်နိုင်တဲ့ အာဖဂန်နစ္စတန်ကို အသိပေးသင့်ပါတယ်” ဟု မူဂျာဟစ်က ပြောကြား ခဲ့သည်။

အခြားနိုင်ငံ၏ ပိုင်နက်နယ်မြေကို မည်သည့်နိုင်ငံကမှ တိုက်ခိုက်ခွင့်မရှိသလို ပါကစ္စတန်နှင့် အာဖဂန် အစိုးရတို့သည် ၎င်းတို့၏ပြဿနာများကို ဖြေရှင်းရန် ဆက်သွယ်ဆောင်ရွက်သင့်သည်ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူအချို့က ပြောသည်။

"သူတို့ရဲ့ မှတ်ချက်တွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပဋိဉာဉ်စာတမ်းကို ဆန့်ကျင်ပါတယ်။ တခြားနိုင်ငံကို စစ်ရေးအရ အရေးယူတာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုလို့ ယူဆပါတယ်" ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဂျနက်ဖာဟင်ချက်ကရီက ပြောကြားခဲ့သည်။

“အခြားနိုင်ငံကို စစ်ဆင်ရေးလုပ်ရင် အကျိုးရှိမယ့်အစား ပျက်စီးသွားလိမ့်မယ်” ဟု ပါကစ္စတန် သတင်းထောက် တာဟီရာခန်းက ပြောသည်။

ပါကစ္စတန်မြို့အများအပြားတွင် တီရစ်-အီတာလီဘန်ပါကစ္စတန် (TTP) အဖွဲ့၏ မကြာသေးမီက ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူသေဆုံးမှုများဖြစ်ပြီးနောက် အစိုးရ၏ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required