ဘိန်းဖြူ ၁ ကီလိုဂရမ်သယ်လာသည့် ပါကစ္စတန်ဒရုန်းကို အိန္ဒိယနယ်ခြားစောင့်တပ် တွေ့ရှိ

By ANI
10 January 2023
ဘိန်းဖြူ ၁ ကီလိုဂရမ်သယ်လာသည့် ပါကစ္စတန်ဒရုန်းကို အိန္ဒိယနယ်ခြားစောင့်တပ် တွေ့ရှိ

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ဂါဒါစ်ပါးရ်မြို့ နိုင်ငံတကာနယ်စပ်အနီးတွင် ဟီးရိုးအင်း ၁ ကီလိုဂရမ်ခန့် သယ်ဆောင်လာသည့် ပါကစ္စတန်ဒရုန်း ၁ စင်းကို အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BSF) က ဇန်နဝါရီ  ၂ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

ဂါဒါးစ်ပါးရ်ရှိ နယ်စပ်ကင်းစခန်း ကိုဆိုဝဲလ် လက်အောက်ရှိ တပ်ဖွဲ့များက နိုင်ငံတကာနယ်စပ်မှ ၂ ကီလိုမီတာအကွာအဝေးတွင်   အိုဟောင်းပျက်စီးနေသော Hexacopter ဒရုန်းအားရှာဖွေတွေ့ရှိခဲ့သည်ဟု ကီလိုမီတာ ၃ ၃၂၃ ရှည်လျားသော အိန္ဒိယ-ပါကစ္စတန်နယ်စပ်ကို စောင့်ကြည့်သည့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။

“ဟီးရိုးအင်း ၁ ကီလိုဂရမ်ခန့် ကို သယ်ဆောင်လာသော ကျိုးပဲ့နေသည့် ပါကစ္စတန် Hexacopter ဒရုန်း အဟောင်း ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂ ရက်က ဂါဒါးစ်ပါးရ်ဒေသ ကိုဆိုဝဲလ်ရှိ နယ်စပ်ကင်းစခန်းမှ တပ်ဖွဲ့များက  နိုင်ငံတကာနယ်စပ်မှ ၂ ကိုလိုမီတာအကွာတွင် သိမ်းဆည်းခဲ့သည်” ဟု BSF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုဒေသရှိ လယ်သမားများက ဒရုန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို နယ်ခြားလုံခြုံရေးတပ်ဖွဲ့ထံ  ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင်အကြောင်းကြားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဗဟိုရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ပါကစ္စတန်နှင့် နယ်စပ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် သွားလာလှုပ်ရှားမှုများ တားမြစ်ရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

ကိုဆိုဝဲလ် နယ်ခြားစောင့်စခန်းရှိ တပ်ဖွဲ့သည် ဒရုန်း ၁ စင်း ကျူးကျော်ဝင်ရောက်မှုအား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က တွေ့မြင်ခဲ့ကြောင်း နယ်စပ်လုံခြုံရေးတပ်ဖွဲ့က ပြောသည်။

နယ်စပ်လုံခြုံရေးတပ်ဖွဲ့သည် ၂၀၂၂ ခုနှစ်တွင် ဒရုန်း  ၂၂ စင်း၊ ဘိန်းဖြူ ၃၁၆ ဒသမ ၉၈၈ ကီလိုဂရမ်၊ လက်နက် ၆၇ လက်နှင့် ကျည်တောင့် ၈၅၀ တို့ကို သိမ်းဆည်းရမိခဲ့ကာ  ပါကစ္စတန် ကျူးကျော်သူ ၂ ဦး သေဆုံးခဲ့ပြီး ပန်ဂျပ်နယ်ခြားတွင် ပါကစ္စတန်နိုင်ငံသား ၂၃ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

အိန္ဒိယ-ပါကစ္စတန်နယ်စပ်တစ်လျှောက်တွင် ယခုနှစ် ဒီဇင်ဘာ ၂၃ ရက်အထိ မောင်းသူမဲ့လေယာဉ် (UAV) ၃၁၁ စင်း တွေ့ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တွေ့ရှိခဲ့သည့် ၁၀၄ စင်းနှင့် နှိုင်းယှဉ်ပါက  ဒရုန်းတွ့ရှိမှု ၃ ဆတိုးလာခြင်းဖြစ်သည်။

ပါကစ္စတန်နယ်စပ်တစ်လျှောက်တွင် ၂၀၂၀ ခုနှစ်က မောင်းသူမဲ့ ဒရုန်း   UAV 77 စင်း တွေ့ရှိခဲ့မှုနှင့် နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်တွင် ၄ ဆတိုးလာကာ နယ်စပ်မှ လက်နက်ခဲယမ်းမီးကျောက်များနှင့် မူးယစ်ဆေးဝါးများ မှောင်ခိုသယ်ယူရာတွင် ဒရုန်းကို အဓိကအသုံးပြုကြသည်။

ပန်ဂျပ်ပြည်နယ် နေရာတော်တော်များများတွင် တွေ့ရသော ဒရုန်းများသည် အပြည်ပြည်ဆိုင်ရာနယ်စပ်၏ ၂ ကီလိုမီတာမှ ၁၀ ကီလိုမီတာအကွာအဝေးအတွင်းတွင် ဖြစ်သည်။

နိုင်ငံတကာနယ်စပ်တစ်လျှောက်တွင်  ပါကစ္စတန်ဘက်မှ လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ ခိုးသွင်းရန်   ထိုဒရုန်းများကို  အသုံးပြုနေကြောင်း နယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ANI သို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly