ကိုဗစ်ရောဂါ ဖြစ်ပွားနေသော်လည်း တရုတ်က တိဗက်တွင် ဆောင်းရာသီအပျော်ခရီးစဉ် စတင်

By  ANI
10 January 2023
ကိုဗစ်ရောဂါ ဖြစ်ပွားနေသော်လည်း တရုတ်က တိဗက်တွင် ဆောင်းရာသီအပျော်ခရီးစဉ် စတင်

တရုတ်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားနေသော်လည်း အစိုးရသည် တရားမဝင် သိမ်းပိုက်ထားသော တိဗက်တွင် ဆောင်းရာသီ အပျော်ခရီးစဉ်များ စတင်လိုက်ကြောင်း တိဗက်အခွင့်အရေးအဖွဲ့ (TRC) က ပြောသည်။

တိဗက်မြို့တော် လာဆာရှိ အထင်ကရ ပိုတာလာနန်းတော်ကို ၄ လကျော်ကြာ ပိတ်ထားပြီးနောက် ခရီးသွားလုပ်ငန်းအတွက် ပြန်လည်ဖွင့်လှစ်တော့မည်ဟု တရုတ်က ကြေညာခဲ့သည်။ လာဆာမြို့နှင့် အနီးတစ်ဝိုက်ရှိ အခြားဘာသာရေးဆိုင်ရာ လည်ပတ်စရာနေရာ အများအပြားကိုလည်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ဆောင်းရာသီအတွင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) သို့ ခရီးသွားများ ပိုမိုလာရောက်စေရန် ရည်ရွယ်သော ဆောင်းရာသီအပျော်ခရီးစဉ်ကို ဇန်နဝါရီလ ၁ ရက်က စတင်လိုက်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ခြိမ်းခြောက်မှုများ လျော့ကျသွားခြင်းမရှိသေးသည့်အတွက် စိုးရိမ်မှုများ မြင့်တက်လာကြောင်း တိဗက်အခွင့်အရေးအဖွဲ့က ပြောသည်။

ဧည့်သည်များအား ဒလိုင်းလားမားများနေထိုင်ခဲ့သည့် သမိုင်းဝင်ဆောင်းရာသီစံမြန်းရာ ပိုတာလာနန်းတော်နှင့် အစိုးရရုံးများသို့ မတ်လ ၁၅ ရက်အထိ အခမဲ့ ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း နန်းတော်အုပ်ချုပ်ရေးအဖွဲ့မှ ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကား၍ chinadaily.com.cn ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီ ၂ ရက်က ဖော်ပြထားသည်။

"ရှေးဟောင်းဗိသုကာလက်ရာများနှင့် ယဉ်ကျေးမှုအမွေအနှစ်ပေါင်း သိန်းကျော်ရှိသည့် နန်းတော်ကို နေ့စဉ် နံနက် ၉ နာရီခွဲ မှ နေ့လယ် ၂ နာရီအထိ ဖွင့်လှစ်သွားမည်ဟု ဆိုသည်။

ဆောင်းရာသီ ခရီးစဉ်သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုသည့် လုပ်ငန်းအချို့အတွက် အပိုဆုကြေးများပေးသွားမည်ဖြစ်သလို လာဆာမြို့ရှိ ပိုတာလာနန်းတော်နှင့် ဒေသတွင်းရှိ အခြားရှုခင်းသာနေရာများသို့ သွားရောက်လည်ပတ်ရန် လက်မှတ်များကို အခမဲ့ပေးသွားမည်ဖြစ်သည်။

လွတ်လပ်သောတိဗက်အဖွဲ့ (Free Tibet) ၏ လေ့လာတွေ့ရှိချက်အရ တိဗက်ခရီးသွားလုပ်ငန်းသည် တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုကို တရားဝင်စေရန်နှင့် ဆယ်စုနှစ် ခုကြာ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ်ချုပ်ချယ်ခံခဲ့ရသည့် ခက်ခဲကြမ်းတမ်းသည့်အဖြစ်မှန်ကို ဖုံးကွယ်ရန် ကြိုးပမ်းမှုများကို အထောက် အကူပြုရာရောက်ကြောင်းနှင့် ဒေသခံတိဗက်လူမျိုးများကို ထူးခြားဆန်းပြားသော စူးစမ်းစရာတစ်ခုအဖြစ် သဘောထားကာ ရာစုနှစ်ချီသက်တမ်းရှိသည့် ဓလေ့ထုံးစံများကို ဒစ္စနေလန်းဆန်ဆန်ဆွဲဆောင်မှုအဖြစ်သို့ လျှော့ချလိုက်ကြောင်း ဖော်ပြထားသည်။

ပိုတာလာနန်းတော်သည် တရုတ်ကွန်မြူနစ်ပါတီအတွက် ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ပေးသည့် နောက်ထပ် စီမံကိန်း တစ်ခုမျှသာဖြစ်သည်။  နန်းတော်အား ပြတိုက်ကဲ့သို့ ထိန်းသိမ်းခြင်းဆိုသည်ထက် အတိတ်အကြောင်းနှင့် တိဗက်ရှိ ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုတို့ကို ဖျောက်ဖျက်ရန် ကြိုးပမ်းမှုများဖြစ်ကြောင်း တိဗက်အခွင့်အရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

တိဗက်သည် တရုတ်နိုင်ငံ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း တရုတ်က ဆိုထားသော်လည်း ပြည်ပဧည့်သည်များသည် တိဗက်သို့ လာရောက်လည်ပတ်ရန် တရုတ်ဗီဇာအပြင် ခွင့်ပြုချက် ထပ်မံရယူရမည်ဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံသည် သိမ်းပိုက်ခံ တိဗက်ဒေသသို့ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းထောက်များနှင့် ပြည်ပရောက် တိက်လူမျိုးများအား အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ကို တားမြစ်ထားသည်။

တိက်လူမျိုးများအတွက် သွားလာလှုပ်ရှားခွင့် ကန့်သတ်ချက်အမျိုးမျိုးရှိပြီး အထူးသဖြင့် တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းနှင့် တိဗက်မြို့တော် လာဆာမြို့သည် တိဗက်လူမျိုးများ ဝင်ရောက်ရန် အခက်ခဲဆုံးဖြစ်ကြောင်း တိဗက်အခွင့်အရေးအဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly