ALP ထိပ်တန်းခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်သူများကို မင်းမဲ့စရိုက်နှင့် အကြမ်းဖက်ဝါဒအသက်သွင်းသူများဟု ANC/AA က ရှုတ်ချပြောဆို

ALP ထိပ်တန်းခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်သူများကို မင်းမဲ့စရိုက်နှင့် အကြမ်းဖက်ဝါဒအသက်သွင်းသူများဟု ANC/AA က ရှုတ်ချပြောဆို

ဇန်နဝါရီလ ၉ ရက်

ရခိုင်ပြည်လွတ်မြောက်တပ်မတော် (ALP )၏ ထိပ်တန်း စစ်ဘက်ခေါင်းဆောင်သုံးဦးကို သတ်ဖြတ်သူများကို မင်းမဲ့စရိုက်နှင့် လက်နက်ကိုင်အကြမ်းဖက်ဝါဒအသက်သွင်းသူများဟု ရခိုင်ပြည်တပ်မတော် (ANC/AA) က ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ချက်တွင် ရှုတ်ချပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၄ ရက်နေ့နံနက် ၈ နာရီဝန်းကျင်တွင် ALP ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ၊ ဒုတိယ ဗိုလ်မူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန်တို့သည် စစ်တွေမြို့တွင် အာဏာသိမ်းစစ်ကောင်စီကကြီးမှူးကျင်းပသော (၇၅) နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကိုတက်ရောက်ပြီး ကားနှင့်အပြန် စက်ရုံစုရပ်ကွက် (၁၃)ရှိ ဆီတန်းလမ်းမပေါ်တွင် ဆိုင်ကယ်စီး သေနတ်သမားများ၏လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်။

“ ရခိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်အား နည်းမျိုးစုံဖြင့် ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်နေကြသူများအားလည်း အမျိုးသားတော်လှန်ရေး အင်အားစုအတွင်း မတူကွဲဲပြားမူများကို အပြုသဘောဖြင့် ညှိနိူင်းအဖြေရှာလိုသည့် အမျိုးသားညီညွတ်ရေးဓာတ်ခံမရှိဘဲ ငါနှင့်မတူ ငါ့ရန်သူ အယူအဆဖြင့် ရခိုင်လူ့အဖွဲ့အစည်းအတွင်း မင်းမဲ့စရိုက်နှင့် လက်နက်ကိုင်အကြမ်းဖက်ဝါးကို အသက်သွင်းနေကြသူများအဖြစ် ပြင်းထန်စွာ ရှုံချအပ်သည်” ဟု ANC/AA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဆက်လက်ပြီး လုပ်ကြံသတ်ဖြတ်ခံရသူများသည် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်ဖြစ်စဉ်၌ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ပါဝင်နေရသော်လည်း ရခိုင်တော်လှန်ရေးသမားများဖြစ်သည်ဟု ထောက်ခံပြောသည်။

အလားတူပင် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)က အဆိုပါလုပ်ကြံသတ်ဖြတ်မှုမှာ လူသားမျိုးနွယ်စုအပေါ် အကြမ်းဖက်မှုနှင့် လူမဆန်သော ဥပဒေမဲ့ သတ်ဖြတ်မှုလုပ်ရပ်မျိုးဖြစ်သည်ဟု ရှုတ်ချပြောဆိုထားသည်။

ALP က ၎င်းတို့ တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရခြင်းမှာ ရက္ခိုင့်တပ်တော် (AA)၏ လက်ချက်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် အဆိုပါစွပ်စွဲချက်မှာ "အခြေအမြစ်မရှိ" ဟု ဆိုကာ ALP တပ်ဖွဲ့ဝင်များအချင်းချင်းသွေးကွဲပြီး တိုက်ခိုက်မှုဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြန်လည်တုံ့ပြန်သည်။

လုပ်ကြံမှုဖြစ်ပွားရာနေရာသည် စစ်ကောင်စီ၏ အမှတ် (၃၄) ရဲတပ်ရင်းနှင့် အာဂျိတ်တော်ကုန်းအဝေးပြေးကားကွင်းအကြားဖြစ်ကာ ALP တပ်မှူးတစ်ယောက်က လမ်းဘေးထိုးရပ်နေသော အဖွဲ့ပိုင်ကားကို သင်္ကာမကင်းဖြစ်၍သွားရောက်ကြည့်ရှုရာက သတ်ဖြတ်ခံထားရသည်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ALP သည် ယခုအခါ လိုက်နာမှုအတော်ပင်အားလျော့နေသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ကာ စစ်ကောင်စီက ပြုလုပ်သည့် ရွေးကောက်ပွဲကို ထောက်ခံသည်ဆိုသော အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။

ALP နှင့် ရခိုင်တော်လှန်ရေးအတွင်း အင်အားကြီးအဖွဲ့အစည်းဖြစ်သော AA အကြား ပဋိပက္ခရှိနေခဲ့ပြီး ALP တပ်ဖွဲ့ဝင်များကို AA ဘက်က လက်ရှိအချိန်အထိ ဖမ်းဆီးထားသည်မှာ ၁၆ ဦးရှိသည်။

ရခိုင်ပြည် အမျိုးသားကောင်စီ(ANC)ကို အိန္ဒိယ နိုင်ငံ နယူးဒေလီတွင် ၂၀၀၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် လက်နက်ကိုင်တပ်တစ်ခုဖြစ်သည်။

ANC တွင် ခန့်မှန်အင်အား ၁၀၀နှင့်အထက် ရှိပြီး ဗိုလ်မှူးကြီး မင်းထွန်း (ခ)မင်းဇံဝေက ဦးဆောင်သော လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ လက်ရှိ ANC မှာ အာဏာသိမ်းစစ်တပ်အား ကရင်ပြည်နယ်အတွင်း မဟာမိတ်များနှင့်ပူးတွဲ၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly