စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ်၏ မြိတ်ခရီးစဉ် ယခင်ကထက် လုံခြုံရေးပိုတင်းကြပ်

စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ်၏ မြိတ်ခရီးစဉ် ယခင်ကထက် လုံခြုံရေးပိုတင်းကြပ်

ဇန်နဝါရီလ ၉ ရက်

မြေပြင်ကွင်းဆင်းပြီး လူဦးရေစားရင်းကောက်နေသည့်အဖွဲ့များကို လာရောက်ကြည့် ရှုသည့် စစ်ကောင်စီခန့်တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကို၏ မြိတ်ခရီးစဉ်တွင် ယခင်ကထက် လုံခြုံရေး ပိုတင်းကြပ်ထားသည်ကို တွေ့ရသည်။

ဇန်နဝါရီလ ၉ ရက်၊ နံနက် ၉ နာရီအချိန်တွင် မြိတ်မြို့၊ ကန်ဖျားရပ်ကွက်၌ အိမ်ထောင်စုလူဦးရေ စားရင်းကောက်ယူနေမှုကိုသွားရောက်ကြည့်ရှုစဉ် စစ်သားများ၊ ရဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် အရပ်ဝတ်လုံခြုံရေးများကိုပါ ချထားသည်ဟု မြို့ခံများကဆိုသည်။

“ မနက်က မြိတ်မှာ စစ်ကားတွေပတ်နေလို့ ဘာဖြစ်လဲဆိုတာ စုံစမ်းကြည့်တော့ ဝန်ကြီးချုပ် ခရီးစဉ်ရှိလို့ လုံခြုံရေး ယူပေးလို့ပြောကြတယ်”ဟု မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

မြိတ်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် ရာအိမ်မှူးများ၊ ပျူစောထီးများနှင့် သတင်းပေးများ တစ်ပတ်အတွင်း နုတ်ထွက်ပေးရန် သတိပေးကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်ကြောင့် ဝန်ကြီးချုပ်ခရီးစဉ်တွင် လုံခြုံရေးကိုပိုပြီး ချထားခြင်းဖြစ်နိုင်ကြောင်း မြို့ခံ များက သုံးသပ်နေကြသည်။

အလားတူ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၉ ရက်၊ နံနက်ပိုင်း၌ပင် လူဦးရေ မြေပြင်ကွင်းဆင်း စာရင်းကောက်အဖွဲ့များကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်မှုခံခဲ့ရသေးသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရပြီး သေနတ်တစ်လက်ပါ သိမ်းဆည်း ရမိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly