တပ်မ(၃၃)မှ ထွက်လာသည့် စစ်ကား ၂ စီးအား စစ်ကိုင်းခရိုင်တပ်ရင်း(၅)MRA မှ တိုက်ခိုက်

By မောင်ခက်နွေ
09 January 2023
တပ်မ(၃၃)မှ ထွက်လာသည့် စစ်ကား ၂ စီးအား စစ်ကိုင်းခရိုင်တပ်ရင်း(၅)MRA မှ တိုက်ခိုက်

စစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)မှထွက်လာသည့် စစ်ကားနှစ်စီးအား မုံရွာ-မန္တလေးလမ်းမ ကြီးတစ်နေရာ၌ စစ်ကိုင်းခရိုင်တပ်ရင်း(၅)MRA မှတိုက်ခိုက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကမဇ္ဈိမကိုပြော သည်။  

ဇန်နဝါရီလ ၇ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကားနှစ်စီးအနက် ပထမ တစ်စီးအား ပဒေသာမိုင်းဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဒုတိယမြောက်ကားကို ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး ၁၀ မိနစ်ခန့်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် MRA မှ တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။ 

ယင်းတိုက်ခိုက်မှုအပြီးတွင် စကစတပ်သားအလောင်းများအား နတ်ရေကန်နှင့်ရေပိုးစားကန်ကြားလမ်း ပိုင်းတနေရာ၌ ၁၀ လောင်းထက်မနည်းစုပုံထားသည်ဟု ခရီးသွားပြည်သူများ၏ သတင်းပေးပို့ချက်များ အရသိရှိရကြောင်း ဆိုသည်။

“အဲဒီအလောင်းတွေကို မုံရွာနမခကို ပြန်လည်သယ်ဆောင်သွားတယ်”ဟု MRA ၏ ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required