မင်းတုန်းမြို့နယ် စပါးတန်းကျေးရွာအုပ်ချုပ်‌ရေးမှူးနေအိမ်အား ပကဖတိုက်ခိုက်

By ပါခွီး (မဇ္စျိမ)
09 January 2023
မင်းတုန်းမြို့နယ် စပါးတန်းကျေးရွာအုပ်ချုပ်‌ရေးမှူးနေအိမ်အား ပကဖတိုက်ခိုက်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် စပါးတန်းကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ်အား တိုက်ခိုက်ခဲ့ကြောင်း သရက်-ကံမ-မင်းတုန်း ပူးပေါင်း ပကဖ (Eagle Force)ထံမှ သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့ ည ၉ နာရီအချိန်တွင် ပုသိမ်-မုံရွာကားလမ်းဘေး မင်းတုန်းမြို့နယ် စပါးတန်းကျေး ရွာရှိ စစ်ကောင်စီမှခန့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးပြားနှင့် စစ်ကောင်စီတပ်သားငါးဦးခန့်သည် ညစဉ် အရက်ဝိုင်းဖွဲ့သောက်စားကာ ဖြတ်သန်းသွားလာသူများကို မတရားငွေကောက်ခံနေကြောင်း ကြားသိရ သောကြောင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တာပါ၊ ဝင်စီးဖို့ ချဉ်းကပ်ချိန်မှာ သူတို့ဘက်က အသိဦးသွားပြီး အပြေးဦးသွားတယ်၊ လိုက်ပစ်ခဲ့သေးတယ် အထိအခိုက်တော့မရှိဘူး” ဟု လင်းယုန်တပ် သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ကိုမြတ်က မဇ္စျိမကိုပြောသည်။

ဝင်ရောက်စီနင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်သွားပြီး ၎င်းတို့၏ ဖုန်းတစ်လုံးနှင့် Double Cab ကားတစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။

ဖုန်းအားသိမ်းဆည်းခဲ့ပြီး ကားကို မိုင်းခွဲဖျက်ဆီးခဲ့ရာ မီးလောင်ပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ကပစ(၁၂) သရက်မြို့မှဖြစ်ပြီး အာဏာသိမ်းပြီးနောက်တွင် မင်းတုန်း၊ ကံမ၊ သရက်မြို့နယ်များကို ယင်းတပ်ရင်းက ထိန်းချုပ်ထားကြောင်း သိရသည်။

ယခု တိုက်ခိုက်ခဲ့သောအိမ်သည် ဆောက်လုပ်ရေးဌာနမှအိမ်ဖြစ်ပြီး ဦးဖိုးပြားမှ မတရားသိမ်းယူကာ ကား လမ်းနှင့်နီးသဖြင့် ယင်းနေရာတွင်စတည်းချကာ လမ်းသွားလမ်းလာများအပေါ် အနိုင်ကျင့် ငွေတောင်းခံ နေခြင်းဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံကပြောဆိုသည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်ကလည်း လင်းယုန်တပ်ဖွဲ့မှ သရက် မြို့ မင်းတည်းရပ်ကွက်၌ “စစ်ခွေးနိဂုံး ၂၀၂၃” စာတမ်းချိတ်ဆွဲ၍ အဝေးထိန်းမိုင်းတစ်လုံး အသံပေး ဖောက်ခွဲခဲ့ရာ စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်နေစဉ် အဝေး ထိန်း မိုင်းထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required