ဗစ်တိုးရီးယား လီ အသက် ၁၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီးနောက် MMA အသိုင်းအဝိုင်းက ဂုဏ်ပြု

ဗစ်တိုးရီးယား လီ အသက် ၁၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီးနောက် MMA အသိုင်းအဝိုင်းက ဂုဏ်ပြု

အသက် ၁၈ နှစ်အရွယ် တောက်ပလာနေတဲ့ MMA  ကြယ်ပွင့် ဗစ်တိုးရီးယား "The Prodigy" လီရဲ့ ကွယ်လွန်သွားတာကို သီတင်းပတ်ကုန်က ကြေညာခဲ့ပြီး အားကစားနဲ့ ဆက်စပ်နေသူတွေထံကနေ ချီးကျူးဂုဏ်ပြုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အာရှအခြေစိုက် ONE MMA Championship အကြီးအကဲဖြစ်သူ ချက်ထရီ စစ်ယုဒ်တောင်က လီ ကွယ်လွန်သွားတာကြောင့် ကြေကွဲခဲ့ရပြီး သူမရဲ့ လှပအဖိုးတန်တဲ့ စိတ်ဝိဉာဏ်အတွက် သူက သတိရနေမှာပါလို့ ပြောပါတယ်။

လီဟာ ချန်ပီယံ MMA ဖိုက်တာသမားတွေရဲ့ မိသားစုကနေ ဆင်းသက်လာသူဖြစ်ပြီး သူ့အစ်မ အန်ဂျာလာဟာ ONE Championship အက်တမ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်ပြီး သူ့အစ်ကိုဖြစ်သူ ခရစ္စတန်က ONE lightweight ချန်ပီယံဆုကို ရရှိထားသူဖြစ်ပါတယ်။

"ဗစ်တိုးရီးယားကို အသက် ၁၁ နှစ်အရွယ်မှာ ကျနော် ပထမဆုံး စတွေ့ခဲ့တာပါ။ martial ပညာရှင်အနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ပါ သူ့ရဲ့ တောက်ပလာတာကို နှစ်တွေကြာအောင် ကြည့်နေခဲ့တယ်"လို့ စစ်ယုဒ်တောင်က သူ့ရဲ့ Facebook စာမျက်နှာမှာ တနင်္ဂနွေနေ့က ရေးသားခဲ့ပါတယ်။

အိန္ဒိယ-ကနေဒါနိုင်ငံသား MMA ကြယ်ပွင့် ဂူဒါးလ်ရှန် မန်းဂတ် က "သူမက မာကြောတယ်။ သူမကို ခင်ဗျား သိတာပဲဖြစ်ဖြစ် မသိတာတာပဲဖြစ်ဖြစ်ပေါ့ သူမရဲ့ ခွန်အားကို ခံစားရမှာပါ။

"သူမဟာ ကြီးကျယ်ခမ်းနားမှုအတွက် ရည်မှန်းထားခဲ့သူပါ။ ကျနော်တို့ကို သူ မထားရစ်ခင်မှာ သူမ သိပါစေလို့ ဆုတောင်းပေးပါတယ်။ သူမဟာ တကယ်ပဲ အလင်းရောင်တစ်ခုပါပဲ။"

လီဟာ Boxing Day နေ့ ဒီဇင်ဘာ ၂၆ ရက်မှာ ကွယ်လွန်သွားခဲ့ပေမယ့်လည်း သူမရဲ့အစ်မ အန်ဂျာလာက စနေနေ့နှောင်းပိုင်းမှသာ Instagram မှာ ကြေညာခဲ့တာပါ။

"ညီမကို အမတို့တွေ အရမ်းသတိရလွမ်းနေတယ်။ ညီမ သိတာထက် ပိုပါတယ်"လို့ အန်ဂျာလာက ရေးသားခဲ့ပါတယ်။

"အမတို့ အားလုံး ကွဲကြေကုန်ပြီ။ ဘာလို့လဲဆိုတော့ အမတို့တစ်ယောက်စီတိုင်းမှာ ညီမရဲ့ တစ်ပိုင်းစီ ပါရှိနေလို့ပေါ့။ ညီမထွက်သွားတဲ့အခါ အဲဒီအပိုင်းအစတွေ အမတို့ဆီကနေ ဆုတ်ဖြဲသွားပြီပေါ့။ အမတို့ ဘယ်တော့မှ ထပ်တူကျမှာ မဟုတ်တော့ဘူး"

သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ သူမရဲ့ မိသားစုက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

လီဟာ ဖခင်ဖြစ်သူ စင်္ကာပူနိုင်ငံသားနဲ့ မိခင်ဖြစ်သူ  တောင်ကိုရီးယား-ကနေဒါနိုင်ငံသားတို့ကနေ မွေးဖွားခဲ့ပြီး ဟာဝိုင်အီမှာ ကြီးပြင်းခဲ့ပါတယ်။ သူမဟာ MMA ပွဲတွေမှာ စင်္ကာပူအလံအောက်ကနေ ထိုးသတ်ခဲ့ပါတယ်။

သူမဟာ ၁၆ နှစ်အရွယ်မှာ သူ့ရဲ့ ပထမဆုံး MMA ပွဲကို ထိုးသတ်ခဲ့ပြီး သူမနောက်ဆုံးပွဲဟာ ၂၀၂၁ ခုနှစ်စက်တင်ဘာလကဖြစ်ပါတယ်။

ONE ဝဘ်ဆိုက်ရဲ့ အဆိုအရ လီဟာ အထက်တန်းအောင်မြင်ဖို့အတွက် အာရုံစိုက်ဖို့ ၂၀၂၂ မှာ ပြိုင်ပွဲကို ဦးစားမပေးခဲ့ပေမယ့်လည်း သူမဟာ ၂၀၂၃ မှာ ရည်ရွယ်ချက်ကြီးကြီးနဲ့ ပြန်လာဖို့ စီစဉ်ထားခဲ့ပါတယ်။

လီဟာ သူ့မရဲ့ မွေးချင်း တစ်ယောက်ချင်းစီရဲ့ နိုင်ပွဲတွေအပြီးမှာ မုန့်ဖုတ်ပြီး သူတို့တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။

"ဒီတစ်ခါတော့ သူ (အကို)က ငှက်ပျောသီးကိတ် တောင်းတယ်။ ဒါကြောင့် ကျမတို့ ထိုးသတ်ပွဲကို ကြည့်ပြီးတာနဲ့ ကျမက သူ့အတွက် မီးဖိုချောင်ဝင်ပြီး မုန့်ဖုတ်နေတယ်"လို့ မကြာသေးခင်က အစ်ကိုဖြစ်သူက ချန်ပီယံပွဲမှာ အနိုင်ရပြီးနောက် ONE ဝဘ်ဆိုက်မှာ ပြောဆိုတာကို ကိုးကားဖော်ပြခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly