နှစ်သစ်အတွက် တိုက်တွန်းချက်

By မဇ္ဈိမအယ်ဒီတာ့အာဘော်
08 January 2023
နှစ်သစ်အတွက် တိုက်တွန်းချက်

အနောက်တိုင်းနှစ်သစ် ကျရောက်သည့် နှစ်သစ်ကူးပွဲကို ခပ်လျှိုလျှိုပုံစံဖြင့် ကျင်းပစဉ် မိမိတို့အနေဖြင့် ယခုနှစ်သစ်တွင် သတိရှိရှိဖြင့် ဆက်ရှိနေသင့်ပါသည်။

မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများတွင် လိုအပ်လျင် အသင့်ထုတ်သုံးရန် လျှို့ဝှက်အစီအစဉ်များ ရှိနေနိုင်သည်။ နွေဦးတော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲများက ပို၍ အရှိန်မြင့်လာလျက် ရှိသလို ရလဒ်တစ်ခုအပေါ် ကူညီသက်ရောက်လွှမ်းမိုးနိုင်သည့် ပြည်တွင်းနှင့် နိုင်ငံတကာ အင်အားစုများလည်း ရှိသည်။

စစ်မြေပြင်နှင့် နိုင်ငံတကာအလယ်တွင် ဖိအားပေးခံနေရသည် ဆိုသည်ကို နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးများ သိရှိသဘောပေါက်သည်။ သို့သော် အစိမ်းရောင် ယူနီဖောင်းဝတ် အမျိုးသားများ လုပ်ဆောင်နိုင်သော အရာများကို မိမိတို့ လျှော့မတွက်သင့်ပေ။

သွေးခွဲ အုပ်ချုပ်ခြင်းက စစ်ဗိုလ်ချုပ်ကြီးများ အားသန်သည့် ကိစ္စဖြစ်သည်။ ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် ဆယ်စုနှစ် ခြောက်ခုအတွင်း အဆိုပါ လုပ်နိုင်စွမ်းကို ၎င်းတို့ ထုတ်ပြထားခဲ့ပြီး ဖြစ်သည်။

၁၉၈၀ နှင့် ၁၉၉၀ ဒီမိုကရေစီ အရေးတော်ပုံကာလနှင့် နှိုင်းယှဉ်ပါက လက်ရှိအချိန်တွင် မတူခြားနားသွားသည့် အရာက “သေမြေကြီး၊ ရှင်ရွှေထီး” သို့မဟုတ် “တိုက်မလား၊ အသေခံမလား” ဆိုသည့် အသိခံယူစိတ်တစ်ခုပင် ဖြစ်သည်။ စစ်တပ်အုပ်ချုပ်မှုကို ယခုတစ်ကြိမ်တွင် အပြီးအပြတ် ဖယ်ထုတ်ရှင်းလင်းရန်မှတစ်ပါး အခြားရွေးစရာ နည်းလမ်းမရှိဟု နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြသည့် မြန်မာနိုင်ငံ၏ Generation Z မျိုးဆက်၏ အများအပြားက ပြောကြသည်။

လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အိပ်မက်ကို ဆယ်စုနှစ်များစွာအတွင်း စစ်တပ်က မည်သို့မည်ပုံ ရမ်းကားဖျက်ဆီးထားခဲ့သလဲ ဆိုသည်ကို မိမိတို့ ဝမ်းနည်းဖွယ်ရာ ပြန်ပြောင်းတွေးကြည့်နိုင်သည်။ အဆိုပါ စိတ်ထိခိုက်နာကြည်းချက်အပေါ် ထပ်မံ စော်ကားမှုအဖြစ် လက်ရှိအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများသည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားသည့် စွဲချက်အမှုအားလုံးအတွက် မကြာသေးခင်က အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။‌ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီ စွပ်စွဲသော စွဲချက်များအတွက် စုစုပေါင်းထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံရသည်ဖြစ်ရာ ယင်းသည် သူမ၏ ဘဝသက်တမ်းကို အကျဉ်းစံဘဝဖြင့်ပင် ကုန်ဆုံးရစေမည့် ပြစ်ဒဏ်ပမာဏဖြစ်သည်။

ယခုသီတင်းပတ်ထုတ် မဇ္ဈိမ၏ အဂ်လိပ်ဘာသာဖြင့်ထုတ်ဝေသော အပတ်စဉ်မဂ္ဂဇင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကမှ ဖယ်ထုတ်ရန် အာဏာသိမ်းစစ်ကောင်စီ၏ ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး အုတ်အော်သောင်းသဲ ကန့်ကွက်မှုများနှင့် တရားမျှတမှု မရှိခြင်းတို့ကို မိမိတို့ အလေးပေးဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ယခုနှစ် ဩဂုတ်လတွင် ကျင်းပနိုင်သည့် တရားမဝင် အကျင့်ပျက် ရွေးကောက်ပွဲတစ်ခုမှတဆင့် ၎င်းတို့၏ အုပ်ချုပ်မှုအပေါ် အသိအမှတ်ပြုမှု ရနိုင်ရေး မျက်နှာပြောင်တိုက် ကြိုးစားနေသည်။

မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများသည် ကြံမိကြံရာ ထင်ရာစိုင်းလာနေပြီး ၎င်းတို့ မတရားသဖြင့် လုယူထားသော အာဏာကို ဆက်လက်ဖက်တွယ်ထားရန် အသည်းအသန် ကြိုးပမ်းလာနေသည်။ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ အာဏာတွင် ဆက်ရှိနေစေရန် ဘယ်ရွေ့ဘယ်မျှ အတိုင်းအတာထိ ဆက်လှမ်းသွားလိမ့်မည် ဆိုသည့်အပေါ် လျှော့မတွက်မိစေရန် မိမိတို့ သတိရှိကြပါစို့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly