၂၀၂၂ အရေးပါသော ပုဂ္ဂိုလ်များ သေဆုံးမှုစာရင်း၌ ကိုဖြိုးဇေယျာသော်ကို ထည့်သွင်း 

၂၀၂၂ အရေးပါသော ပုဂ္ဂိုလ်များ သေဆုံးမှုစာရင်း၌ ကိုဖြိုးဇေယျာသော်ကို ထည့်သွင်း 

၂၀၂၂ အရေးပါသော ပုဂ္ဂိုလ်များ သေဆုံးစာရင်းတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးသမားနှင့် hip-hop အဆိုတော် ကိုဖြိုးဇေယျာသော်ကို နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ ကောင်စီ (CFR) က ထည့်သွင်းကြောင်း CFR ၏ တရားဝင်ဝက်ဘ်ဆိုက်အရ သိရသည်။ 

“၂၀၂၂ တွင် ကွယ်လွန်သော ကမ္ဘာ့ပုဂ္ဂိုလ်များ ၁၀ ဦး” စာရင်းတွင် ကိုဖြိုးဇေယျာသော်၊ ရှင်ဇို အာဘေး(ဂျပန်ဝန်ကြီးချုပ်)၊ အဲလိဇဘတ် -၂ (ဗြိတိန်၏ အရှည်ကြာဆုံးဘုရင်မကြီး)၊ မီခေးလ်ဂိုဘာချော့ဗ်(ဆိုဗီယက်ပြည်ထောင်စု နောက်ဆုံးခေါင်းဆောင်)၊ ကျန်ဇီမင်း(တရုတ်ကွန်မြူနစ်ပါတီအတွင်းရေးမှူးချုပ်ဟောင်း)၊ အဘူအီဘာရာဟင်အယ်လ်ဟာရှီမီအယ်လ်ကွာရာရှီ(အီရတ် အစ္စလာမ္မစ်အစွန်းရောက်)၊ မီမီ ရင်ဟာ့ဒ်(နာဇီအလုပ်စခန်းတွင် ထိန်းသိမ်းထားသော ဂျူး ၁,၁၀၀ ကျော်ကို ကယ်တင်ခဲ့သည့် စက်မှုလုပ်ငန်းရှင် အိုစကာ ရှင်ဒဲလားအား ကူညီခဲ့သည့် ဩစတြီးယား ဂျူးလူမျိုး)၊ အိုင်မန်းအယ်လ်ဇာဝါဟီရီ(အီဂျစ်ခွဲစိတ်ဆရာဝန်နှင့် အစွန်းရောက်)၊ ဗလာဒီမာ ဇီရီနိုစကီး(အမျိုးသားရေးအစွန်းရောက် ရုရှနိုင်ငံရေးသမား)နှင့် ဟီဘီဒီဘိုနာဖီနီ(အာဂျင်တီးနားတက်ကြွလှုပ်ရှားသူ)တို့ ပါဝင်သည်။ 

အဆိုပါ ပုဂ္ဂိုလ်အသီးသီးသည် သမိုင်းကို ရေးသားခဲ့သူများ ဖြစ်ပြီး တစ်ချို့က သူရဲကောင်းများဖြစ်ကာ တစ်ချို့က လူဆိုးများဖြစ်ကြသည်ဟု အမေရိကန်နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေးကို အထူးပြုသော အမေရိကန်ပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် CRF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

“၁၉၈၁ ခုနှစ်တွင် မွေးဖွားသော ကိုဖြိုးဇေယျာသော်သည် hip-hop အဆိုတော်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် လွှတ်တော်အမတ်ဖြစ်ကာ ၎င်း၏ ဒီမိုကရေစီ တက်ကြွလှုပ်ရှားမှုအတွက် မြန်မာစစ်အာဏာသိမ်းအုပ်စုက ကွပ်မျက်ခဲ့ခြင်းဖြစ်သည်”ဟု အဆိုပါ CRF ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ 

“ကောလိပ်တက်နေစဉ် သူသည် ပထမဆုံး အရေးပါသော hip-hop အဖွဲ့ Acid ကို စတင်သည်။ အဖွဲ့က အောင်မြင်ကျော်ကြားခဲ့သည်။ အစိုးရဆန့်ကျင်ဆန္ဒပြသူများသည် ၂၀၀၇ ခုနှစ်တွင် ရွှေဝါရောင်တော်လှန်ရေးဟု သိရသော ဆန္ဒပြမှု၌ Acid သီချင်းများကို အသုံးပြုကြသည်။ ဆန္ဒပြမှုများ၏ လှုပ်ရှားမှုအဖြစ် ကိုဖြိုးဇေယျာသော်သည် hip-hop သမားများကို စုစည်းပြီး အစိုးရကို ဆန့်ကျင်သော Generation Wave အဖွဲ့ကို ဖွဲ့စည်းသည်။ ၂၀၀၈ ခုနှစ်၌ ၎င်းသည် ဖမ်းဆီးခံရပြီး ထောင်သုံးနှစ် ကျခဲ့သည်။”ဟု အစီရင်ခံစာ၌ ဖော်ပြသည်။ 

၂၀၁၂ တွင် ကိုဖြိုးဇေယျာသော်လသည် လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။ ၂၀၁၅ ၌ ပြန်လည်ရွေးကောက်ခံရသည်။ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းစဉ် ကာလအတွင်း ကိုဖြိုးဇေယျာသော်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စံပြ ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက်အကူ ဖြစ်လာခဲ့သည်။ 

၂၀၂၁ ဖေဖောဝါရီ ၁ ရက်တွင် မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ရာ နိုင်ငံ၏ ဆယ်စုနှစ်ကြာ ဒီမိုကရေစီ အတွေ့အကြုံ အဆုံးသတ်ခဲ့သည်။ နွေဦးတော်လှန်ရေးဟု သိရသော ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှု၌ ကိုဖြိုးဇေယျာသော်က ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။ 

“၂၀၂၁ မှာ ကိုဖြိုးဇေယျာသော်ကို အကြမ်းဖက်ပြစ်မှုနဲ့ ဖမ်းဆီးပြီး ရှက်စဖွယ် တရားစီရင်မှုနဲ့ စီရင်ခဲ့တယ်၊ ၂၀၂၂ ဇူလိုင်မှာ သူ့ကို အခြားသော ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ကိုဂျင်မီ(ကိုကျော်မင်းယု)၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့နဲ့အတူ ကြိုးပေးခဲ့တယ်”ဟု CFR က ပြောသည်။ 

“ဒီလိုအထင်ကရစာရင်းထဲမှာ ကိုဇေယျာသော်ကသူရဲကောင်းတစ်ယောက် အဖြစ် ပါလာတာ ဂုဏ်ယူစရာပါ။ ပြည်တွင်းမှာ ရဲရဲဝံ့ဝံ့ သူ ဦးဆောင်ခဲ့တာကိုလည်း အရမ်းလေးစားမိပါတယ်။ တန်ဖိုးရှိတဲ့ လူတွေ ဆုံးရှုံးနေရတာကိုတော့ နှမြောမိတယ်ဗျာ”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required