တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း ကျင်ဂန်းကို ခန့်အပ်

တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း ကျင်ဂန်းကို ခန့်အပ်

တရုတ်အစိုးရက အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ကျင်ဂန်းအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။

အသက် ၅၆ နှစ်အရွယ် ကျင်ဂန်းအနေဖြင့် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တရုတ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သူ ဝမ်ယိနေရာတွင် အစားထိုး တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

ယခုအခါ အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်သော ဝန်ကြီးဟောင်း ဝမ်ယိကို တရုတ်ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရို အဖွဲ့ဝင်အဖြစ် အောက်တိုဘာလအတွင်းက ရွေးချယ်ခဲ့ပြီး ၎င်းအနေဖြင့် နိုင်ငံခြားရေးမူဝါဒတွင် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လာရဖွယ်ရှိနေသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အလားအလာကောင်းရှိသူတစ်ဦးဖြစ်သည် ကျင်ဂန်းသည် ဝန်ကြီးဌာန၏ ပြောခွင့်ရအရာရှိနှင့် ဗြိတိန်နိုင်ငံရှိ တရုတ်သံရုံး၌ တာဝန်အမျိုးမျိုးကို ထမ်းဆောင်ခြင်းအပါအဝင် ရာထူးနေရာအများအပြားတွင် လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။

ကျင်ဂန်းသည် သမ္မတ ရှီကျင့်ဖျင်၏ ယုံကြည်စိတ်ချရသူတစ်ဦးအဖြစ် ၎င်း၏ သံတမန်ရေးရာ အရာရှိချုပ်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အကြား တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

အမေရိကန်နိုင်ငံဆိုင်ရာ ၁၁ ဦးမြောက် တရုတ်သံအမတ်အဖြစ် ၁၇ လကြာ တာဝန်ထမ်းဆောင်ပြီးနောက် သူသည် ယခုအခါ ဝါရှင်တန်မှ ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။

အမေရိကန်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ၂ လ ၁ကြိမ် ထုတ်ဝေသည့် National Interest မဂ္ဂဇင်း၌ ကျင်ဂန်းက တရုတ်၏ နိုင်ငံခြားရေးရာ မူဝါဒရပ်တည်ချက်အပေါ် သုံးသပ်ချက်နှင့် တရုတ်နှင့် အမေရိကန်တို့၏ ဆက်ဆံရေးသည် မည်သည့်အခါကမှ အနိုင်အရှုံးကွဲကွဲပြားပြား မရှိခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များက ပြီးခဲ့သည့် သီတင်းပတ်များအတွင်း သံတမန်ရေးအရ ပြန်လည်ကောင်းမွန်စေရန် ကြိုးပမ်းခဲ့သော်လည်း နှစ်နိုင်ငံအကြား တင်းမာမှုသည် ကျင်ဂန် အမေရိကန်၌ တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း တင်းမာမှု မြင့်တက်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် ဒီဇင်ဘာ ၂၃ ရက်က တယ်လီဖုန်းမှ ဆက်သွယ်ပြောဆိုရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ယိက အမေရိကန်သည်တစ်ဖက်သက် အနိုင်ကျင့်သည့် လမ်းဟောင်းအတိုင်း လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် ဝမ်ယိတို့သည် အမေရိကန်နှင့် တရုတ်တို့အကြား ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်ရန် ညှိနှိုင်းခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရုရှားက ယူကရိန်းကို စစ်ပွဲဆင်နွှဲမှု ကမ္ဘာ့လုံခြုံရေးနှင့် စီးပွားရေးတည်ငြိမ်မှုအပေါ် ခြိမ်းခြောက်မှုတို့အပေါ် စိုးရိမ်ပူပန်ရသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

“ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးမှုများကို တိုးမြှင့်လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲပြီး ပြဿနာတွေကို ဖြေရှင်းရာမှာ မိမိတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ အပြုသဘော ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဝမ်ယိက ဘလင်ကန်ကို ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယခုလအစောပိုင်းက တောင်တရုတ်ပင်လယ်အတွင်း တရုတ် ဂျက်တိုက်လေယာဉ်တစ်စင်းသည် အမေရိကန်လေတပ်ထောက်လှမ်းရေး လေယာဉ်တစ်စင်းအနီး ၆ မီတာ (ပေ၂၀) အကွာအတွင်းမှ ကပ်၍ ပျံသန်းခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly