တရုတ်နှင့် ရုရှားပူးပေါင်းမှုအပေါ် အမေရိကန် စိုးရိမ်နေ

တရုတ်နှင့် ရုရှားပူးပေါင်းမှုအပေါ် အမေရိကန် စိုးရိမ်နေ

အမေရိကန်က ယူကရိန်းစစ်ပွဲအတွင်း တရုတ်နှင့် ရုရှားပေါင်းစည်းမှုအပေါ် စိုးရိမ်နေပြီး တရုတ်က ရုရှားကို စစ်ရေး သို့မဟုတ် ပိတ်ဆို့အရေးယူမှုများရှောင်လွှဲနိုင်သော အကူအညီများပေးနေခြင်း ရှိ မရှိကိုသိနိုင်ရန် တရုတ်၏လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“တရုတ်က ကြားနေဆိုပေမယ့် သူဟာ ရုရှားနဲ့ရင်းရင်းနှီးနှီးဆက်ဆံနေတုန်းပဲဆိုတာ သိသာထင်ရှားပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက CNN သို့ ပြောခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ဒီဇင်ဘာ ၃၁ ရက်က အွန်လိုင်း ဗီဒီယိုမှတစ်ဆင့် ဆွေးနွေးခဲ့ကြပြီး ပူတင်က ရှီအား လာမည့်နှစ်တွင် ရုရှားသို့လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။

“ယူကရိန်းစစ်ပွဲအတွက် ရုရှားကို စစ်ရေးအကူအညီနဲ့ အရေးယူပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်မယ့် အကွက်ချလုပ်ဆောင်တဲ့အကူအညီတွေပေးမှုရဲ့ အကျိုးဆက်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဥရောပက တရုတ်ကို သတိပေးထားပါတယ်” ဟု ဆိုသည်။

အမေရိကန်သည် တရုတ်၏လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး မတရားသောစစ်ပွဲတွင် ရုရှားဘက်လိုက်ခြင်းက သမိုင်းကြောင်းတွင် မှားသည့်ဘက်လိုက်မိလိမ့်မည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ဘယ်နိုင်ငံတွေ လွတ်လပ်မှု၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ အချုပ်အခြာအာဏာဆိုင်ရာ အခြေခံမူတွေအတွက် ရပ်တည်ပြီး ဘယ်နိုင်ငံတွေက ကြိုတင်ကြံစည်းထားတဲ့ အကြောင်းမဲ့စစ်ပွဲမှာ ရုရှားဘက်ကပါပြီး တိတ်တဆိတ် ထောက်ပံ့နေလဲဆိုတာ ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ပြောသည်။

နှစ်နိုင်ငံစလုံးသည် ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးကို ခိုင်မာတောင့်တင်းအောင်လုပ်ဆောင်သင့်ကြောင်း တရုတ်သမ္မတက ရုရှားသမ္မတအား ဒီဇင်ဘာ ၃၀ ရက်က ပြောကြားပြီးနောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly