နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၀ ဒီဇင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၀ ဒီဇင်ဘာ ၂၀၂၂) 

ဒီဇင်ဘာလ ၃၀ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှု မြင့်မားလာသဖြင့် ပြည်သူများသတိထား ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနကအသိပေး နှိုးဆော် ထားသည်။ 

  • ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသော “Thai Fight 100 years Nakornban” ပြိုင်ပွဲတွင် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သော မြန်မာနိုင်ငံမှ ကယန်းတိုင်းရင်းသူ 'ဗယ်ရိုနီကာ' အား အမျိုးသားညီညွတ်ရေးအစိုးရမှ အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထုတ်ပြန်သည်။ 

  • ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ကျောင်းသူ ကျောင်းသား ၂၀၀ ကျော်ကို ၂၀၂၂ ပညာသင်နှစ် ကြားကာလ ပညာသင်ကြားရေးကျောင်းဆင်းပွဲနှင့် EOCD လက်မှတ်အပ်နှင်းခြင်း အခမ်းအနားတစ်ရပ်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉နာရီမှ ၁၂ နာရီအထိကျင်းပခဲ့ကြောင်း သိရှိရသည်။ 

  • နိုင်ငံခေါင်းဆောင်များကို  မတရားသည့်ထောင်ဒဏ်များ ချမှတ်နေသည့် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဦး ဆောင်သော အကြမ်းဖက်စစ်ကောင်စီကသာ နိုင်ငံတော်ပုန်ကန်သူများသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မှတ်ချက်ပြုပြောသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက “ကြားကာလ အခြေခံပညာတတ်ကျွမ်းမှုစွမ်းရည် စံသတ်မှတ်ချက်များ" အကြံပြုချက်ကို ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ပြည်သူလူထု အာဏာကိုလုယူခဲ့သည့် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲဝင်ရန် စိတ်ကူးခြင်းမှာ ဓားပြဆီက ဝေစုတောင်းသည့် ပုံစံနှင့် အတူတူပင်ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။ 

  • အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မန္တလေး ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်သော ပြည်ခွန် သပိတ် အင်အားစုများ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန် ပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တွဲဖက်အတွင်းရေးမှူး ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် အဖွဲ့ဝင် မနန်းတွယ် တာဦး ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ် လိုက် ကြောင်း ဗကသများ အဖွဲ့ချုပ်ထံမှ သိရှိရသည်။ 

  • တနင်္သာရီတိုင်း မြိတ်မြို့နှင့်ပုလောမြို့များထံသို့ စစ်သင်္ဘောများ၊ ငါးဖမ်းစက် လှေ များဖြင့် စစ်သားများ ပို့ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ 

  • တနင်္သာရီတိုင်း ပုလောမြို့နယ် တိုကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံ ၁၀ ဦးကျော်ကိုဖမ်းဆီးပြီး ကျေးရွာနှစ်ရွာကို မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့အရှေ့ဘက် သာစည်ကျေးရွာအနီးတွင် တည်ဆောက် နေသော အကျဉ်းထောင် သစ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Ngwe Dwin Revolution Force-NDRF ထံမှ သိရသည်။ 

  • ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။ 

  • DVB သတင်းဌာနမှ အလွတ်တန်းသတင်းထောက် ၁ ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၈ ဦးကို အမြန် လမ်းရဲကင်းစခန်းကို တိုက်ခိုက်သည်ဆိုသော စွပ်စွဲ ချက်ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက် ကြောင်း သိရှိရသည်။ 

  • ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ရှိ ရေလဲရွာကို စစ်တပ်က ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စ၍ မီးတင်ရှို့နေကြောင်း ဒေသခံများက ပြောသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ မန်ကျည်းလေးပင်ရွာနှင့် ကန်နက်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၄၀ လုံးနီးပါး ပျက်စီး ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • တစ်နိုင်ငံလုံး၌ ရွေးကောက်ပွဲ တစ်ပြိုင်နက်တည်းဖြစ်ရေးပါဝင်သည့် အချက် ၄ ချက်ကို NSPNC နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၅ ဖွဲ့တို့ သဘောတူခဲ့ကြကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။ 

စစ်ကောင်စီ 

  • အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင်း ကြိုတင်ပြင်ဆင်မှုများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီထံမှ သိရသည်။ 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ အင်းတိန်ရွာရှိ ညောင်အုပ်ဘုန်းကြီးကျောင်း ဆရာတော်အား ဒီဇင်ဘာလ ၂၇ရက် ညနေပိုင်းအချိန်က စစ်ကောင်စီနှင့်လက်အောက်ခံအဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။ 

  • ၂၀၂၃ ခုနှစ် ကူးပြောင်းမည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများအတွက် တစ်ညတာ ပုဒ်မ ၁၄၄ အမိန့်ကို ပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီက စာထုတ်ပြန်သည်။ 

  • အကြမ်းဖက်မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးကိုယ်စားလှယ်သစ် Deng Xijun တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း စစ်တပ်ဘက်က တရားဝင်သတင်းထုတ်ပြန်သည်။ 

  • မန္တလေးတွင် စစ်ကောင်စီ၏ ခိုင်းစေမှုဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် သံရုံးများကို နေ့စားများဖြင့် ဆန္ဒပြခဲ့ကြောင်း စစ်ကောင်စီ မီဒီယာများတွင် ဖော်ပြထားသည်။  

  • နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဏာလု အကြမ်းဖက်စစ်ကောင်စီမှ မတရားအမှုဆင်ထားသည့် ရဟတ်ယာဉ်အမှုအတွက် ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် ထောင်ဒဏ် ၇ နှစ် စီ ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။ 

  • DVB သတင်းဌာနမှ အလွတ်တန်းသတင်းထောက် ၁ ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၈ ဦးကို အမြန် လမ်းရဲကင်းစခန်းကို တိုက်ခိုက်သည်ဆိုသော စွပ်စွဲ ချက်ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချ မှတ်လိုက်ကြောင်း သိရှိရသည်။ 

  • ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်များကို စစ်ကောင်စီ ပြန်လွှတ်ပေးသော်လည်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ကို ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။ 

  • နေပြည်တော်ကောင်စီနယ်မြေမှာ ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် ၁၄၄ ကို ခေတ္တပယ်ဖျက်ကြောင်း နေပြည်တော်ကောင်စီရုံးက ထုတ်ပြန်လိုက်သည်။ 

  • ပြည်သူ့ကာကွယ်ရေးတပ် (PDF)အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအနေဖြင့် လက်နက်အပ်ပြီး ပြည်သူ့ဘဝ ပြန်လည်ဝင်ရောက်လာရင် ကြိုဆိုလက်ခံမယ်ဆိုပြီး စကစ က သတင်းထုတ်ပြန်လိုက်သည်။ 

ဒီဇင်ဘာ ၃၀ ရက် သုံးသပ်ချက် 

  • နိုင်ငံအနှံ့လူသတ်မီးရှို့ အကြမ်းဖက်မှုပေါင်းစုံလုပ်နေသည့် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းသည် အကြမ်းဖက်မှုများ ဆက်လုပ်ခွင့်ရအောင် ထောက်ပံ့ပေးခြင်းဖြစ်ပြီး သွားရောက်ဆွေးနွေးသည့် အဖွဲ့များသည်လည်း အကြမ်းဖက်စစ်ကောင်စီနှင့် ကိုယ်ကျိုးစီးပွား ဝေမျှစားရလိုသည့် မျှော်လင့်ချက်ဖြင့် သွားရောက်ခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ 

  • စစ်ကောင်စီမှ ရွေးကောက်ပွဲကို တိုင်းပြည်မတည်ငြိမ်လည်း ၎င်းတို့ထွက်ပေါက်အတွက် အတင်းအကျပ် လုပ်ရန် ကြိုးပမ်းနေသည်ကိုတွေ့ရသည်။ရွေးကောက်ပွဲလုပ်၍ ရသလောက်နယ်မြေများဖြင့် ပြုလုပ်ပြီး ရွေးကောက်ခံအစိုးရဟု ကမ္ဘာကို ဗြောင်လိမ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly