ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေး အကျယ်ချုပ်မှ ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခံရ

ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေး အကျယ်ချုပ်မှ ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခံရ

ဒီဇင်ဘာလ ၃၀ ရက်

ဧရာဝတီတိုင်း၊ အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီက ပုသိမ်အကျဥ်းထောင်သို့ပြောင်းရွှေ့လ်ိုက်ကြောင်း အကျဥ်းထောင်ဝန်ထမ်းအချို့ထံက သိရသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့၊ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်အချိန်က ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်ဟု အကျဥ်းထောင်ဝန်ထမ်း တစ်ဦးကပြောသည်။

စစ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ၊ လွှတ်တော်ဒုဥက္ကဋ္ဌ ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီး ခြောက်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ထို့နောက် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည့် လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော် ဒုဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီး ငါးဦးကို ၂၀၂၂ ခုနှစ်အတွင်း အသီးသီးခွဲ၍ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ပြန်လည်လွတ်မြောက်လာသူများထဲတွင် လူမှုရေးဝန်ကြီး ဒေါက်တာလှ မြတ်သွေးပါဝင်လာခြင်းမရှိဘဲ ၊ လက်ရှိတွင် အကျယ်ချုပ်မှ ပုသိမ်အကျဥ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရခြင်း ဖြစ်သည်။

"ဒေါက်တာလှမြတ်သွေးက အာဏာသိမ်းပြီး ဖေဖော်ဝါရီ လ ၁၀ ရက်နေ့မှာ ဝန်ထမ်းတွေအားလုံးကို ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေ အစိုးရအသစ်ဖွဲ့စည်းပြီးတဲ့အချိန်အထိ အလုပ်ပိတ်တယ်လို့ အကျယ်ချုပ်ကျခံနေရတဲ့ကြားက ကြေညာချက်တစ်စောင် ထုတ်တယ်။ ဒါကြောင့် အမှုတပ်ပြီး ဆက်ဖမ်းထားတာထင်တယ်"ဟု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

စစ်ကောင်စီက တောင်းခံသည့် ကတိကဝတ်များကို သဘောတူညီမှုမပေး၍သော်လည်းကောင်း၊ ခံဝန်လက်မှတ်မထိုး၍သော်လည်းကောင်း ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးအား စစ်ကောင်စီက မည်သည့်ပုဒ်မများတပ်၍ ပုသိမ်အကျဥ်းထောင်သို့ ပို့ဆောင်လိုက်သည်ကို မဇ္စျိမက စုံစမ်းနေဆဲ ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly