ဘတ်ဂျက်ခွဲဝေခြင်းများကို ပြည်ထောင်စုလွှတ်တော်ကသာ အတည်ပြုဆုံးဖြတ်ရခြင်းဖြစ် ဟုဆို

ဘတ်ဂျက်ခွဲဝေခြင်းများကို ပြည်ထောင်စုလွှတ်တော်ကသာ အတည်ပြုဆုံးဖြတ်ရခြင်းဖြစ် ဟုဆို

ဒီဇင်ဘာလ ၃၀ ရက်

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေအရ ကာကွယ်ရေးဝန်ကြီးဌာနကို ကျပ် ၄၄၀ ဘီလီယံကျော်အထိ သုံးစွဲခွင့်ရှိသည့်ဥပဒေကို ဒီဇင်ဘာလ ၁၈ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးဌာန၂၆ ခုထဲတွင် ကာကွယ်ရေးဝန်ကြီးဌာနက ကျပ် ၄၄၀ ဘီလီယံကျော် ဘဏ္ဍာငွေအများဆုံး ခွဲဝေသုံးစွဲခွင့်ရရှိထားပြီး အဆိုပါ သုံးငွေများကို စီမံခန့်ခွဲဖို့ စကစဥက္ကဋ္ဌ (သို့မဟုတ်)စကစဥက္ကဋ္ဌက တာဝန်ပေးသည့်သူ ဖြစ်ရမည်ဟုလည်း ဥပဒေမှာ ထည့်သွင်းဖော်ပြထားကြောင်း တွေ့ရသည်။

''ဒီလိုဘတ်ဂျက်တွေ ခွဲဝေတယ်ဆိုတာ နှစ်အလိုက် ပြည်ထောင်စု လွှတ်တော်ကသာ အတည်ပြုဆုံးဖြတ်ရတာပါ။ ကန့်ကွက်တဲ့ ကိုယ်စားလှယ်ရှိရင် မဲခွဲဆုံးဖြတ်ရတာပဲ။ အခုကျတော့ သူတို့အလိုကျ ခွဲဝေတာဖြစ်နေတယ် ''ဟု ၂၀၁၅-၂၀၂၀ အမျိုးသားလွှတ်တော်ကိုယ်စား ၊လက်ရှိ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထိုက်ကပြောသည်။

ဒီ့အပြင် မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာသူ တစ်ဦးကလည်း'' ဘတ်ဂျက်ခွဲဝေတယ်ဆိုတဲ့ကိစ္စတွေကတော့ တကယ်ဆို လွှတ်တော်ကလာရတာပေါ့နော်။ အခုတော့စစ်တပ်ရဲ့ထိန်းကျောင်းမှုအောက်မှာရှိနေတော့ ဘတ်ဂျက်တွေကို စိတ်ကြိုက်ကြိုက်သလို ရေးဆွဲလို့ရတယ်လေ။ သူတို့အကျိုးအတွက် အာဏာတည်မြဲရေးအတွက် ရေရှည်ရပ်တည်နိုင်ဖို့အတွက်လုပ်တယ်ဆိုတာကတော့ အရမ်းသိသာတာပေါ့နော်''ဟု ဆိုသည်။

နှစ်အလိုက်ဘတ်ဂျက်များ ခွဲဝေအသုံးပြုရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများက တစ်နှစ်အတွက် အသုံးစရိတ် ဘတ်ဂျက်ကို လွှတ်တော်မှာတင်ပြရပြီး၊ အဆိုပါတင်ပြလာသည့်ဘတ်ဂျက်များကို လွှတ်တော်ထဲ၌ စိစစ်ရေးကောင်မတီဖွဲ့စည်းပြီး ၎င်းကော်မတီမှတစ်ဆင့် လွှတ်တော်မှာတင်ပြီးလွှတ်တော်ထဲရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီးမှ ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ရခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။

''နိုင်ငံတကာကိုပြန်ကြည့်မယ်ဆိုရင် အသုံးစရိတ်အများဆုံးက အမေရိကန်နိုင်ငံဖြစ်တယ်။ ပြီးတော့ ရုရှားနှင့်တရုတ် အခြားနိုင်ငံတွေရှိကြပါတယ်၊ ဒါပေမယ့် သူတို့နိုင်ငံရဲ့GDP ကိုပြန်ကြည့်မယ်ဆိုရင် စစ်အသုံးစရိတ်က တော်တော်လေး ရာခိုင်နှုန်းနည်းပါတယ် ။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အသုံးစရိတ်ကို ပြန်ကြည့်မယ်ဆိုရင် တကယ့် အရေးကြီးတဲ့ပညာရေး၊ ကျန်းမာရေးမှာ ရာခိုင်နှုန်းကကာကွယ်ရေး ဘတ်ဂျက်ရဲ့သုံးပုံပုံ တစ်ပုံတောင်မရှိပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ပြည်ထောင်စုကြီးကတိုးတက်တဲ့လက္ခဏာမဟုတ်ဘဲ နောက်ပြန်လှည့်တဲ့ပုံစံဖြစ်သွားတာပေါ့နော်။ တခြားနိုင်ငံတွေရဲ့ကာကွယ်ရေးဘတ်ဂျက်က များတယ်ဆိုပေမယ့်လည်း တကယ့်ပြည်ပရန် အန္တာရယ်ရှိတဲ့နိုင်ငံတွေမှာတောင် ဒီလောက်ကာကွယ်ရေးအတွက်ဘတ်ဂျက်မသုံးကြပါဘူး၊ ပြည်ပရန်မရှိဘဲ ပြည်တွင်းစစ်အတွက် ဒီလောက်များပြားတဲ့ ဘတ်ဂျက်ကိုသုံးတယ်ဆိုတာကတော့ တော်တော်ကိုဆိုးဝါးလှပါတယ်''ဟု Salai Ram Tinthei ကလည်း ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly