ပါကစ္စတန်ဗဟိုအစိုးရသည် လွှတ်တော်အမတ်များကို ငွေဖြင့် စည်းရုံးရန် ကြိုးပမ်းနေဟု ကက်ရှ်မီးယားဒေသ ဝန်ကြီးချုပ် စွပ်စွဲ

ပါကစ္စတန်ဗဟိုအစိုးရသည် လွှတ်တော်အမတ်များကို ငွေဖြင့် စည်းရုံးရန် ကြိုးပမ်းနေဟု ကက်ရှ်မီးယားဒေသ ဝန်ကြီးချုပ် စွပ်စွဲ

ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ဦးဆောင်သော ဖက်ဒရယ်အစိုးရသည် အာဇတ်ဒ် ဂျမူးနှင့် ကက်ရှ်မီးယား (AJK) ဒေသတွင် ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) အစိုးရကို ဖြုတ်ချရန် ဒေသရှိ လွှတ်တော်အမတ်များကို ငွေပေးပြီး သိမ်းသွင်းစည်းရုံးရန် ကြိုးပမ်းနေကြောင်း AJK ဒေသအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဆာဒါ တန်ဗီရာ အီလ်ယက်စ်က ဒီဇင်ဘာ ၁၈ ရက်က စွပ်စွဲလိုက်သည်။ ဖက်ဒရယ်အစိုးရသည် အထက်ပါ ရည်ရွယ်ချက်အတွက် မူဇတ်ဖာရာဘတ်သို့ ငွေသားအပြည့်ပါသော လက်ဆွဲအိတ်များ ပို့ထားကြောင်း ၎င်းက ပြောသည်။

ဗဟိုအစိုးရသည် AJK ဒေသရှိ PTI အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းအားထုတ်မှုများတွင် ပါဝင် လုပ်ဆောင် နေကြောင်း အီလ်ယက်စ်က မီဒီယာနှင့် တွေ့ဆုံစဉ် ပြောသည်။

ပါကစ္စတန်ဗဟိုအစိုးရသည် AJK ဥပဒေပြုလွှတ်တော်မှ အမတ်များကို သိမ်းသွင်းစည်းရုံးနိုင်ရန် ကြိုးပမ်း နေကြောင်းနှင့် ၎င်းတို့ထံ သစ္စာခံစေရန် မူဇတ်ဖာရာဘတ်သို့ ငွေသားအပြည့်ပါသော လက်ဆွဲအိတ်များ ပို့ထားကြောင်း အီလ်ယက်စ်က ပြောသည်။

ထိုကဲ့သို့ ‘ယုတ်မာညစ်ပတ်သော နည်းလမ်း’ ကို ဆက်လုပ်နေပါက AJK ဒေသ၏ ဒေသခံများအနေဖြင့် လမ်းပေါ်ထွက် ဆန္ဒပြရလိမ့်မည် ဖြစ်ကြောင်း AJK ဝန်ကြီးချုပ်က သတိပေးသည်။

မိမိတို့ ဒေသအတွက် နိုင်ငံရေး တည်ငြိမ်မှုက အထူးအရေးကြီးကြောင်းနှင့် ငွေသားအပြည့်ပါသော လက်ဆွဲအိတ်များက ကက်ရှ်မီးယား၏ အခြေခံရင်းမြစ်ကို ထိခိုက်စေလိမ့်မည် ဖြစ်ကြောင်း AJK ဝန်ကြီးချုပ်က သတိပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly