တရုတ်တွင် ကိုဗစ်ကူးစက်ခံရသူ တစ်နေ့လျှင် လူ၃၇သန်းခန့် ရှိနိုင်ကြောင်း Financial Times သတင်းစာ ဖော်ပြ

တရုတ်တွင် ကိုဗစ်ကူးစက်ခံရသူ တစ်နေ့လျှင် လူ၃၇သန်းခန့် ရှိနိုင်ကြောင်း Financial Times သတင်းစာ ဖော်ပြ

ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ဗိုင်းရပ်စ်ထိန်းချုပ်မှုကန့်သတ်ချက်များကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် တရုတ်တွင် ယခုသီတင်းပတ်အတွင်းတစ်နေ့လျှင် လူ၃၇သန်းခန့်ကိုဗစ်-၁၉ကူးစက်ခံရဖွယ်ရှိကြောင်းဗြိတိန်အခြေစိုက်Financial Times (FT) သတင်းစာကဖော်ပြသည်။

ဒီဇင်ဘာလပထမရက်၂၀ရက်အတွင်း လူသန်းပေါင်း၂၅၀ခန့်ကိုဗစ်-၁၉ကူးစက်ခံခဲ့ရသည်ဟု တရုတ်တာဝန်ရှိသူများက ခန့်မှန်းထားကြောင်း ယင်းကိစ္စနှင့် နီးစပ်သူများ၏ ပြောကြားချက်ကို ကိုးကား၍Financial Times ကဖော်ပြခဲ့သည်။

တရုတ်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာမှလက်ထောက်ညွှန်ကြားရေးမှူးဆန်းယန်က ဒီဇင်ဘာ၂၂ရက်တွင် ပြုလုပ်သည့် ကျန်းမာရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဒီဇင်ဘာ၂၁ရက်တစ်ရက်တည်းတွင်ကူးစက်ခံရသူ၃၇သန်းအပါအဝင်အထက်ပါခန့်မှန်းချက်ကိုပြောကြားခဲ့ ကြောင်းFT သတင်းကဖော်ပြခဲ့သည်။

တရုတ်တွင်ကိုဗစ်ပျံ့နှံ့မှုနှုန်းမြင့်တက်နေဆဲဖြစ်ပြီးပေကျင်းနှင့်စီချွမ်ရှိလူဦးရေ၏ထက်ဝက်ကျော်မှာကူးစက်နေပြီး ဖြစ်ကြောင်း တံခါးပိတ်သတင်းစာရှင်းလင်းပွဲအတွင်းဆန်းယန်က ခန့်မှန်းပြောဆိုခဲ့သည်။

ကိုဗစ်-၁၉ကူးစက်ရောဂါဖြစ်ပွားမှုကိန်းဂဏန်းများကိုနေ့စဉ်ထုတ်ပြန်လေ့ရှိသောတရုတ်နိုင်ငံတော် ကျန်းမာရေးကော်မရှင်ကနောက်ဆုံးစာရင်းထုတ်ဝေခြင်းကိုရပ်တန့်လိုက်သည်ဟုGlobal Times က ဒီဇင်ဘာ၂၅ရက်တွင် ဖော်ပြခဲ့သည်။

"တရုတ်နိုင်ငံတော်ကျန်းမာရေးကော်မရှင်(NHC) သည်ဒီဇင်ဘာ၂၅ရက်မှစ၍နေ့စဉ်ကိုဗစ်-၁၉ရောဂါကူးစက်မှု အချက်အလက်ထုတ်ပြန်ခြင်းကိုရပ်တန့်လိုက်သည်" ဟုNHC မှထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံတော်ကျန်းမာရေးကော်မရှင်၏ဒီဇင်ဘာ၂၃ရက်ကဝက်ဘ်ဆိုဒ်ထုတ်ပြန်ချက်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုကိန်းဂဏန်းများကို ဖော်ပြခဲ့သည်။

တရုတ်တွင်အတည်ပြုလူနာအသစ်၄,၁၂၈ဦးထပ်မံတွေ့ရှိခဲ့ပြီးနိုင်ငံအတွင်းသေဆုံးမှုအသစ်မရှိကြောင်းဖော်ပြခဲ့ သည်။

ဗြိတိန်အခြေစိုက်ကျန်းမာရေးအချက်အလက်ကုမ္ပဏီ Airfinity ကလည်း တရုတ်တွင် ကူးစက်မှုနှုန်းသည် တစ်ရက်လျှင်တစ်သန်းကျော်ရှိပြီး တစ်ရက်လျှင်သေဆုံးသူ၅,ဝဝဝကျော်ရှိနိုင်ကြောင်းဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly