ဝီဂါမွတ်စလင် တရားဟောဆရာဟောင်းတစ်ဦး ရှင်ကျန်း အကျဉ်းထောင်တွင် သေဆုံး

ဝီဂါမွတ်စလင် တရားဟောဆရာဟောင်းတစ်ဦး ရှင်ကျန်း အကျဉ်းထောင်တွင် သေဆုံး

နိုင်ငံရပ်ခြားသို့ ဘုရားဖူးသွားသည့်အတွက် တရုတ်နိုင်ငံအနောက်စွန်း ရှင်ကျန်းဒေသတွင် ထောင်ဒဏ် ၅ နှစ်ကျခံနေရသော ဝီဂါမွတ်စလင်တရားဟောဆရာတစ်ဦးသည် ဖေဖော်ဝါရီလက အသည်းကင်ဆာရောဂါဖြင့် အကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့ကြောင်း အဆိုပါတရားဟောဆရာနေထိုင်သည့် ခရိုင်မှ ရဲအရာရှိတစ်ဦးက ပြောသည်။

အသက် ၅၅ နှစ်အရွယ်ရှိ အိုမာဟူဆီသည် ရှင်ကျန်းရှိ ဒုတိယအကြီးဆုံးဖြစ်သည့် ကော်လာမြို့ ကာရာယူဂန်ဗလီမှ တရားဟောဆရာတစ်ဦးဖြစ်သည်။

အစ္စလာမ်ဘာသာရေးဆရာများနှင့် တခြားလူသိများထင်ရှားသောဝီဂါများကို ၂၀၁၅ ခုနှစ်က မက္ကာမြို့သို့ သွားမှုအတွက် နှိမ်နင်းစဉ် အာဏာပိုင်များက ဟူဆီကို ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များသည် ၂၀၁၇ ခုနှစ်က ဟူဆီ၏ ညီအစ်ကို ၃ ဦးကိုလည်း ထိန်းသိမ်းခဲ့ပြီး ၎င်းတို့အနက်တစ်ဦးသည် ဘာသာရေးပွဲတော်များတွင် ပါဝင်မှုအတွက် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံရပြီး ထောင်ထဲတွင် သေဆုံးခဲ့သည်။

တရားဟောဆရာအပါအဝင် အကျဉ်းသားတော်တော်များများမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း သေဆုံးခဲ့သောကြောင့် ထိန်းသိမ်းရေးစင်တာများရှိ အခြေအနေများမှာဆိုးရွားနေကြောင်း ကော်လာမြို့အကျဉ်းထောင်မှ လွတ်မြောက်ပြီး ပုန်းရှောင်နေသည့် ဝီဂါအကျဉ်းသား မာမွတ်မိုဒန်က RFA သို့ပြောသည်။

ဟူဆီသည် ခရိုင်အကျဉ်းထောင်တွင် ထောင်ကျကာ ဖေဖော်ဝါရီ ၂ ရက်က သေဆုံးခဲ့ကြောင်း ခရိုင်ရဲတစ်ဦးက နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။

အာဏာပိုင်များသည် ဟူဆီအား မက္ကသို့ ဘုရားဖူးသွားမှုအတွက် ဖမ်းဆီးခဲ့ပြီးနောက် ရုံးတင်စစ်ဆေးကာ ထောင် ၅ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly