ဒေါင်းနေအကျဉ်းထောင်က အကျဉ်းသားအချင်းချင်း အနိုင်ကျင့်ဗိုလ်ကျမှုများ

ဒေါင်းနေအကျဉ်းထောင်က အကျဉ်းသားအချင်းချင်း အနိုင်ကျင့်ဗိုလ်ကျမှုများ

ဒီဇင်ဘာလ ၂၁ ရက်

မကွေး-ရေနံချောင်း လမ်းဘေးက အကျဉ်းထောင်အတွင်းမှာ မတရားနှိပ်စက်ခံရသူတွေရှိနေပါတယ်။ တကယ်တော့ အဲဒီထောင်ထဲမှာက “ပိုင်စား ပတ်သက်” ဆိုတဲ့စကားကို အမြဲအသုံးချနေတာ ဖြစ်ပါတယ်။

“ပိုင်စား ပတ်သက်”ဆိုတာ အဆောင်မှူး ဒုအဆောင်မှူးတွေနဲ့ ရင်းနှီးခင်မင်သူတွေက ဘာအလုပ်မှ မလုပ်ရပါဘူး။

အဓိကတော့ အိမ်ကထောင်ဝင်စာများများလာတဲ့သူတွေ ထောင်မှာ အပ်ငွေအများကြီးရှိသူတွေကိုတော့ ဝန်ထမ်းတချို့နဲ့ အကျဥ်းသားအခန်းလူကြီး၊ စည်းကမ်းထိန်း ၊တန်းစီးတွေက ပစားပေးထားတာဖြစ်ပါတယ်။

ပစားဆိုတာ ဘာမှအလုပ်မခိုင်းဘူး၊ အဆောင်ထဲမှာ သူတို့နေချင်သလိုနေကြတယ်။ ထောင်ကထုတ်ထားတဲ့ စည်းကမ်းဥပဒေတွေက သူတို့နဲ့ မဆိုင်သလိုပါဘဲဗျာ။

အိမ်ကမထောက်ပံ့နိုင်တဲ့ အကျဥ်းသားတွေကတော့ မိလ္လာရေခပ်ရတယ် ၊တောင်ယာထဲမှာ အလုပ်လုပ်ရပါတယ်။

(ကျ/သစ်)အကျဥ်းသားအသစ် ရောက်လာပြီဆိုရင်တော့ အခန်းလူကြီးတွေ စည်းကမ်းထိန်းတွေနဲ့ တန်းစီးဆိုတဲ့သူတွေက ထောင်ဘူးဝမှာ ငွေဘယ်လောက်အပ်ခဲ့လဲ အရင်ပေးပြီးမှ ပုံစံပြတယ်။

စရောက်ရောက်ချင်း အသစ်ရောက်လာသူတွေကို ခပ်ကြမ်းကြမ်းပုံစံ မောင်းကြတော့တာပါ။ ညပိုင်းရောက်မှ ကျသစ်တစ်ယောက်ချင်းစီကို ခေါ်တွေ့ပြီး အပ်ငွေရှိတဲ့သူတွေဆီက အခန်းရန်ပုံငွေဆိုပြီး ငွေကောက်တယ်၊ ငွေများများလှူနိုင်တဲ့ အကျဥ်းသားသစ်အတွက်တော့ နောက်နေ့မှာအေးဆေးညင်သာစွာ ပုံစံသင်ပေးပါတယ်။ ထောင်မှာအပ်ငွေမရှိသူကတော့ နောက်နေ့မှာ ပါးရိုက် နားရိုက်ခံရပြီး ပုံစံပြပါတော့တယ်။

တစ်ပတ်တိတိ လုပ်တာဖြစ်ပါတယ်။

အဆိုးရွားဆုံးက အသစ်ဝင်လာတဲ့ ကျ/သစ်တွေကို စစ်ဆေးရေးဝင်တယ်ဆိုပြီး အခန်းလူကြီးရဲ့တပည့်တွေက စားသောက်ဖွယ်ရာ အကြော်အလှော်တွေသိမ်းတယ် ကောင်းတဲ့အဝတ်အစားတွေသိမ်းတယ်။

ဘာလို့သိမ်းတာလဲမေးကြည့်တော့ ထောင်စည်းကမ်းက အရပ်ဝတ်ကို တစ်စုံပဲ ခွင့်ပြုတယ်တဲ့။ ဒါပေမဲ့ အဲဒီအဝတ်အစားတွေကို ကွမ်းနဲ့လဲစားတယ်၊ ကော်ဖီမစ် ၊မုန့်နဲ့ အခြားအကြော်အလှော်တွေကိုတော့ သူတို့ရဲ့တပည့်တွေနဲ့ ဝေစားကြပါတယ်။

အရူးထောင်ကျလာရင်လည်း အနာတရဖြစ်တဲ့အထိ ရိုက်ကြတယ်။ သူတို့အားရအောင်ရိုက်ပြီးရင် အပြင်မထွက်ရ ။ ဆေးလည်းမထည့်ပေးဘူး။

အဆောင်မှူးတချို့က အကျဥ်းသားအချင်းချင်း နှိပ်စက်တာသိတယ် ။ဒါပေမဲ့ အဲဒီအခန်းလူကြီး စည်းထိန်း နဲ့တန်းစီးတွေကို မလွန်ဆန်နိုင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သာမန်အကျဥ်းသားတွေဆီကနေ အကြော်အလှော်နဲ့စားစရာတွေကို အလှူခံသလိုလို တောင်းသလိုလိုနဲ့ အဆောင်းမှူးကို ဧည့်ခံရမယ်ဆိုပြီး တောင်းရမ်းကျွေးနေကြတာပါ။

အကျဥ်းသားအချင်းချင်းနှိပ်စက်မှုထဲက ဖြစ်စဥ်တစ်ခု ပြောပြချင်ပါတယ် မဇ္ဈိမရယ်။ တောင်ယာအုတ်ရိုးစောင့် တာဝန်ပေးထားတဲ့အဘိုးကြီးတစ်ယောက်ရဲ့အကြောင်းပါ။

ခွင့်ပြုချက်မရှိဘဲ တောင်ယာထဲမဝင်ရ ၊အုတ်ရိုးနားမသွားရလို့ စည်းကမ်းချက်ထုတ်ထားတော့ ဖြစ်တဲ့နေ့မှာ အဲဲဒီအဆောင်ရဲ့တန်းစီးစည်းကမ်းထိန်းက အုတ်ရိုးနားသွားပြီး အပြင်ဘက်က ကင်းစင်ပေါ်က ဝန်ထမ်းနဲ့သွားစကားပြောရင်း စိုက်ခင်းထဲက ဘူးသီးတွေတက်နင်းမိပြီး ပုပ်နေတာကို အဆောင်မှူးအရာရှိက တွေ့သွားတော့ တောင်ယာစောင့်တာဝန်ကျတဲ့အဘိုးကြီးကို ခေါ်မေးတယ်။

အဘိုးကြီးကလဲကြောက်တော့ အဆောင်တန်းစီးတို့နှစ်ယောက် ဒီနားမှာ ကင်းဆရာနဲ့စကားပြောရင်းတက်နင်းမိတာပါခင်ဗျာလို့ ပြောလိုက်တယ်ထင်ပါတယ်။

အဆောင်မှူးက စည်းကမ်းထိန်းကိုအပြစ်ပေး၊ မပေးတော့မသိပါဘူး။တောင်ယာစောင့် တာဝန်ကျတဲ့အဖိုးကြီးကတော့ အဆောင်ကတန်းစီးတွေနဲ့ပတ်သက်ရာသူတွေ ဝိုင်းသမလို့ နားတွေသွေးထွက်တဲ့အထိ အနှိပ်စက်ခံလိုက်ရပါတယ်။ နောက်တော့ နားနှစ်ဖက်လုံးမကြားရတော့ဘူးလို့ သိရတယ်။

ညအဆောင်ပိတ် သံချောင်းထိုးချိန်နဲ့ မနက်ပိုင်း ဘုရားရှိခိုး၊ ဘုရားဝတ်တက်ရင်လည်း အခန်းလူကြီးတွေ စည်းကမ်းထိန်းတွေ၊ တန်းစီးနဲ့ပတ်သက်သူတွေက မထဘူး။ အိပ်နေကြတာ။ဒါကို သူတို့ကအော်လိုက်သေး။ ဘုရားရှိခိုးရင် အားလုံးလိုက်ဆိုကြနော် ပုံစံပြလိုက်ရမလားတဲ့။

သောကြာနဲ့ တနင်္လာနေ့တွေမှာ ထောင်မှူး၊ ထောင်ပိုင်၊ တန်းစီးရှိတယ်။ထောင်မှူးထောင်ပိုင်လာရင်တော့ မေးပါတယ်။ ဘာအခက်အခဲရှိလဲ ။ဘာတင်ပြစရာရှိလဲ ။ ကျန်းမာရေးကအစ အကျဥ်းသားအချင်းချင်းရိုက်တာနှက်တာရှိလားပေါ့။ ဘယ်တင်ပြရဲမလဲဗျာ။ လူကြီးတွေမလာခင်က တင်ပြခွင့်မပြုဘူးလို့ အဆောင်က အခန်းလူကြီးနဲ့ စည်းကမ်းထိန်တွေက ပိတ်ထားတာလေ။

မနေနိုင်လို့တင်ပြတဲ့သူတွေလည်း လူကြီးပြန်သွားတာနဲ့ဝိုင်း သမတာခံရတော့တာပါဘဲ။ ဝန်ထမ်းချင်းတော့ မတူဘူးဗျ။ တချို့ဝင်ထန်းလေးတွေက သနားတတ်တယ်။ ကိုယ်ချင်းစာတတ်တယ် ။ဒါလည်းအနည်းငယ်ပါ။ပြောရမယ်ဆိုရင် ထောင်ထဲမှာ နိုင်ရာစားတွေများနေတာကို သက်ဆိုင်ရာ နိုင်ငံတော်အဆင့် အကျဥ်းထောင်အရာရှိကြီးများ သွားရောက်စစ်ဆေးသင့်ပါသည်ဟု အကြံပြုရေးသား ပေးပို့ခြင်းသာဖြစ်ပါတယ်။

(အကျဥ်းထောင်ထဲကထန်းစေ့မှုတ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly