နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂ ဒီဇင်ဘာ ၂၀၂၂ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂ ဒီဇင်ဘာ ၂၀၂၂ )

အမျိုးသားညီညွတ်ရေး အစိုးရ

· အကြမ်းဖက်စစ်ကောင်စီဖွင့်လှစ်သည့် ကျောင်းများတွင် မတက်ရောက်ဘဲ CDM ပြုလုပ်ထားသည့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသားများအတွက် NUG အသိမှတ်ပြု New Myanmar Education ကနေပြုလုပ်သည့် New Myanmar University မှာ တက္ကသိုလ် ဆက်တက်နိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

· တော်လှန်ရေးပြီးဆုံးသွားသည့်အခါ နစ်နာဆုံးရှုံးရတဲ့ပြည်သူများကို အကောင်းဆုံကုစားပေးရန် ယခုအစိုးရနှင့် အသွင်ကူးပြောင်းရေး အစိုးရမှ သေချာစီစဉ်ပေးရန်လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်ပြောကြားသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

· မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုက နိုင်ငံအာဏာကို မတရားလုယူပြီးသည့်နောက် လူ့အခွင့်အရေးချိုး ဖောက်မှုများသည် ပုံစံတစ်မျိုးဖြင့် ခေါင်းပြန်ထောင်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

· နိုင်ငံအနှံ့မှ နေအိမ် ၄,၈၁၂ လုံးကို နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းမှ အများဆုံးဖျက်ဆီးခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းရွာကို အကြမ်းဖက် စစ်တပ်က တတိယ အကြိမ် မီးရှို့ဖျက်ဆီးနေ ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၀၀ ကျော်ပြာကျခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့ထံမှ သိရသည်။

· အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ဒီဇင်ဘာလ ၂ ရက် ယနေ့တွင် ၆၃၁ ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကြောင်းအတွင်း ဖြတ်သန်းလာသည့် စစ်သင်္ဘော ၁၁ စီးကို PDF ၂၆ ဖွဲ့က ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြောင်း One Star task Force အဖွဲ့ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း (၆၃၁) ရက်မြောက်အဖြစ် ဒီဇင်ဘာလ ၂ ရက် ယနေ့တွင် ချီတက်ဆန္ဒပြကြသည်။

· ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး အပါအဝင် ကျောင်းသား လူငယ် ၁၀ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် သေဒဏ်အမိန့်များ စစ်တပ်က ချမှတ်ထားကြောင်း ရန်ကုန်ခေတ်သစ်သတင်း တွင် ဖော်ပြထားသည်။

· စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထိန်ပန်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များအား သွားရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်နှစ်ဦးအပါအဝင် ၁၀ ဦးခန့်သေဆုံးခဲ့သည်ဟု Natogyi People Defence Force(NPDF) မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်းမှ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

· တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် ထမင်းမစားကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ ဂိတ်စခန်း တစ်ခုကို ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးသေဆုံးပြီး လေးဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်၊ တပ်ရင်း(၁)ထံမှ သိရသည်။

· မြန်မာနိုင်ငံမှာ လာမယ့်နှစ် ကျင်းပမည့် ရွေးကောက်ပွဲကို မိမိတို့ နိုင်ငံ အနေဖြင့် ထောက်ခံအားပေးမှာ မဟုတ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗဒူလာက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉) နယ်မြေအတွင်း၌ အကြမ်းဖက်စစ်တပ်ကို တပ်စွဲခွင့်နှင့် လက်နက်ခဲ ယမ်းအင်အား သယ်ဆောင်ခွင့် မပြုတော့ကြောင်း ထပ်မံသတိပေးချက်ကို တပ်မဟာ ၉ က ထုတ်ပြန်လိုက်သည်။

· ကရင်နီပြည်အတွင်းတွင် နိုဝင်ဘာလ တစ်လတာအတွင်း တိုက်ပွဲပေါင်း ၂၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က ၄၃ ဦးသေ၊ ၃ ဦးဒဏ်ရာရခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်သည်။

· ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာနှင့် သေးဆူလဲ ကျေးရွာများ အတွင်း စစ်တပ် ထိန်းချုပ်ထား သော နယ်မြေကို ကယား (ကရင်နီ) တော်လှန် ရေး တပ်ပေါင်းစု (KRU) က ပြန်လည်ထိန်းချုပ်ထားကြောင်း သိရသည်။

· စစ်တပ်နှင့် ရက္ခိုင့်တပ်(AA)တို့ ယာယီအပစ်အခတ်ရပ်စဲထားသည့် ရခိုင်ဒေသအတွင်း ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး စပါးရိတ်သိမ်းပေးတာတွေ လုပ်ဆောင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) ထုတ်ပြန်ချက်အရ သိရသည်။

· ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP တိုက်ပွဲဖြစ်၍ ဒေသခံရွာသား ၇၀၀ ကျော် ထွက်ပြေးနေရကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်သည်။

စစ်ကောင်စီ

· မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ကနေ မေလအတွင်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ရရှိသည့် စာရင်းများအပေါ်မှာ အခြေခံပြီး လစဉ်တိုက်ဆိုက်စစ်ဆေးနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဘရန်ရှောင်က ပြောကြားသည်။

· ဂျပန်ယန်းငွေဈေးတက်နေ၍ သာမန်မြန်မာနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) သက်တမ်း တိုးခြင်း များကို တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိမြန်မာသံရုံးက သိရသည်။

· ကမ္ဘောဇဘဏ်ခွဲကို ဓားပြတိုက်ရန် စီစဉ်နေသူများကို ဖမ်းမိကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးဖြစ်သည့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

· ကရင်ပြည်နယ်အတွင်းရှိ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေ ကား လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒီဇင်ဘာ ၁ ရက်နေ့အထိ ဒေသခံ ၄၀၀ ကျော် ပြန်လည်ဝင်ရောက် လာကြောင်း စစ်ကောင်စီဝါဒဖြန့်ချိရေး သတင်းများတွင် ဖော်ပြထားသည်။

· ပထမအကြိမ် အကြမ်းဖက်စစ်ကောင်စီ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေး ဒုတိယနေ့ကို ဒီဇင်ဘာ ၁ ရက်က နေပြည်တော်ရှိ Hilton Hotel ၌ ဆက်လက်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂ ရက် သုံးသပ်ချက်

· ရခိုင်နှင့်စစ်ကောင်စီအပစ်ရပ်သော်လည်း မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တကျော့ပြန်ဖြစ်လာသည်ကိုတွေ့ရသည်။

· စစ်ကောင်စီမှ နိုင်ငံရေးစစ်ရေးအကျပ်အတည်းမှ ရုန်းထွက်နိုင်ရန်အတွက် ပြည်သူ့ဆန္ဒမပါဘဲ ရွေးကောက်ပွဲကို အတင်းအကျပ်ပြုလုပ်ရန် စီစဉ်နေသော်လည်း နိုင်ငံတကာမှ၎င်းတို့၏ ရွေးကောက်ပွဲကို လက်မခံသည့် ပြောဆိုမှုများလည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly