ULA/AA မှ ရခိုင်ပြည်သူများ၏ စပါးခင်းများကို ကူညီရိတ်သိမ်းပေးနေ

ULA/AA မှ ရခိုင်ပြည်သူများ၏ စပါးခင်းများကို ကူညီရိတ်သိမ်းပေးနေ

ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲပြီးနောက် လူသားချင်စာနာထောက်ထားမှုဆိုင်ရာကိစ္စများထဲမှတစ်ခုဖြစ်သော လယ်သမားများ ရိတ်သိမ်းရန်ခက်ခဲနေသည့် စပါးများကို ရက္ခိုင့်တပ်တော် (AA) စစ်သည်များနှင့် ULA တပ်ဖွဲ့ဝင်များမှ ကူညီရိတ်သိမ်းပေးနေသည်ဟု ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၆ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့အကြားအပစ်အခတ်ရပ်စဲသည်မှာ ရခိုင်ပြည်သူများ၏ အကျိုးစီးပွားကိုအဓိကထားရှေ့ရှုကာ အပစ်အခတ်ရပ်စဲထားခြင်းဖြစ်သည်ဟု သတင်းစာရှင်လင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုခဲ့သည်။

ရခိုင်ပြည်မြို့နယ်အချို့တွင် အချိန်မီရိတ်သိမ်းရန်နှင့် အရေးတကြီးချက်ချင်းရိတ်သိမ်းရန် လိုအပ်နေသည့် စပါးကွင်းမှ ရင့်မှည့်စပါးများကို ရက္ခိုင့်တပ်တော် စစ်သည်တော်များမှ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လည်းကောင်း၊ စပါးခင်းပိုင်ရှင်များမှာ စစ်ဘေးရှောင်များဖြစ်နေသည့်အတွက် ပိုင်ရှင်များကိုယ်တိုင် လာရောက်ရန် မလွယ်ကူသည့် စပါးခင်းများကို ရက္ခိုင့်တပ်တော် စစ်သည်များနှင့် ULAတပ်ဖွဲ့ဝင်များမှ စပါးခင်းပိုင်ရှင်များကိုယ်စား ရိတ်သိမ်းနေသည့် ရုပ်သံတစ်ခုကို ထုတ်ခဲ့သည်။

ULA/AA မှာ ကူညီရိတ်သိမ်းပေးနေသည့် ရခိုင်ပြည်နယ်ကမြို့နယ်များမှာ ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှ စပါးခင်းများ၊ ရသေ့တောင်မြို့နယ် မောင်ဖြူကျေးရွာ အနောက်ဘက် ရှိစပါးခင်းများ၊ မညင်းတောင်းကျေးရွာ၊ ကုန်တန်းကျေးရွာ၊ ခရုချောင်းကျေးရွာနှင့် ရီကောင်းချောင်းကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယာချောင်းကျေးရွာ အရှေ့တောင်ဘက်ရှိ စပါးခင်းများ၊ ဆင်အင်းကြီးကျေးရွာတောင်ဘက်ရှိ စပါးခင်းများ၊ ငှက်ကြီးကျွန်းကျေးရွာ အနောက်ဘက်ရှိ စပါးခင်းများ၊ ပဒေသာရွာဟောင်း အနောက်ဘက်ရှိစပါးခင်းများ၊ ရီပေါက်ချောင်းကျေးရွာ အနောက်တောင်ဘက်ရှိစပါးခင်းများ၊ ကျောက်တော်မြို့နယ်မှ သလူ ချောင်းအနောက်ဘက်ရှိ စပါးခင်းများ၊ ရုပ်သားရွာ အနီးတစ်ဝိုက် စပါးခင်းများနှင့် နဂရာ ကျေးရွာအနီးတစ်ဝိုက် စပါးခင်းများနှင့် မြောက်ဦးမြို့နယ်၊ ဂူတလုံးကျ(မြို)ကျေးရွာမှ စပါးခင်းများ၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတစ်ဝိုက် စပါးခင်းများတို့ကို ရိတ်သိမ်းပေးခဲ့သည်ဟုထုတ်ပြန်ရေးသားထားသည်။

ထိုအပြင် ဆက်လက်ရိတ်သိမ်းရန် ကျန်ရှိနေသည့် စပါးခင်းများကိုလည်း ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့မှ ပြည်သူများနှင့်အတူ ဆက်လက်ကူညီလုပ်ဆောင်သွားမည် ဟုသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required