Red Ants guerilla force မှ"နွေဦး ပုရွက်ဆိတ် အနီကောင်များအတွက် အရှည်တစ်လက်" ပရောဂျက် ပြုလုပ်

Red Ants guerilla force မှ"နွေဦး ပုရွက်ဆိတ် အနီကောင်များအတွက် အရှည်တစ်လက်" ပရောဂျက် ပြုလုပ်

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးအခြေစိုက် Red Ants Guerilla Force မှ မောင်းပြန် M16 - A2 တစ်လက်ရရှိရေး "နွေဦး ပုရွက်ဆိတ် အနီကောင်များအတွက် အရှည်တစ်လက်" ပရောဂျက်ကို နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်လတာ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ပရောဂျက်အတွက် အလှူရှင်တစ်ဦးမှ ကံစမ်းမဲလက်မှတ်အတွက် အသုံးပြုရန် လှူဒါန်းပေးထားသည့် Redmi K50 model ဖုန်းတစ်လုံး၊ K Marth- CS 50 DC အမျိုးအစား ဂစ်တာတစ်လက် နှင့် Power Bank တစ်လုံးအား ကံစမ်းမဲလက်မှတ်အဖြစ် ရောင်းချ သွားမည်ဟုသိရသည်။

မဲလက်မှတ်တစ်စောင်လျှင် ၁၀,၀၀၀ ကျပ်နှုန်းသတ်မှတ်၍ M16 - A2 အမျိုးအစားသေနတ်အရှည် တစ်လက်တန်ဖိုး ကျပ်သိန်း ၁၀၀ ခန့်ရရှိရန် မျှော်မှန်းထားသည်ဟု Red Ants အဖွဲ့ထံက သိရသည်။

''မြေအောက်တော်လှန်ရေးလုပ်ငန်းစဉ်(UG လုပ်ငန်းစဉ်)တုန်းက အတို နဲ့သာ ပွဲတွေ ကလို့ရပေမယ့် အခုအချိန် မြေပြင်ရင်ဆိုင်တိုက်ပွဲတွေမှာ‌တော့ အရှည်နဲ့မှသာ ပွဲကလို့ရမှာ ဖြစ်တဲ့အတွက် ဒီပရောဂျက်ကို စီစဉ်လိုက်ရခြင်းဖြစ်ပါတယ်။ ခေတ်ကာလအနေအထားအရ မိဘပြည်သူတစ်ရပ်လုံးဟာ စားဝတ်နေရေး ခက်ခဲကြမ်းတမ်းတဲ့ အချိန်ဖြစ်နေကြပေမယ့် စစ်အာဏာရှင်စနစ်စနစ်ကျဆုံးရေးအတွက် တော်လှန်နေကြသော အဖွဲ့အစည်းအသီးသီးဆီကို မိမိတို့ရဲ့ချွေးနှဲစာတွေထဲက ထည့်ဝင်ပါဝင်လှူဒါန်းနေကြတဲ့အတွက် အားလုံးကိုယ်စားလည်း အထူးကျေးဇူးတင်မိပါတယ်။''ဟု Red Ants အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Red Ants အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့မှ တော်လှန်ရေးရဲဘော်များကို စုစည်းပြီး ရွာငံမြို့နယ်ထဲတွင် စတင်စုဖွဲ့ခဲ့သော မြို့ပြ ပြောက်ကျား UG အဖွဲ့အစည်း ဖြစ်သည်။

သို့သော် ရွာငံမြို့နယ်ကို စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ဒေသခံကျေးရွာများမှ ပြည်သူလူထုများကို မတရားဖမ်းဆီနှိပ်စက်ပြီး အိမ်ခြေများကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရွာငံဒေသခံတော်လှန်ရေးအင်အားစုများနှင့်အတူ ရွာငံမြို့နယ်ကို စွန့်ခွာခဲ့ကြရသည်။

ယ‌ခုလက်ရှိတွင် ရှမ်းပြည်တပ်ပေါင်းစုဖြစ်သည့် Southern Shan Local Revolution Union (S.S.L.R.U) ၏ တပ်ဖွဲ့ဝင်အနေဖြစ် ပူးပေါင်းပါဝင်ပြီး တိုက်ပွဲဝင်နေကြောင်း အဖွဲ့ထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly