နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၉ နိုဝင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၉ နိုဝင်ဘာ ၂၀၂၂) 

နိုဝင်ဘာလ ၂၉ ရက်
 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ ၇၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်ပြီးချိန်တွင် တက်ရောက်လာ သူများကို ဒါရိုက်တာ ကိုပေါက်က “မသောက်မိသော မိုးခါးရေ” ဇာတ်လမ်းတို ရုပ်ရှင်ကို ပြသခဲ့သည်။ 

  • နိုင်ငံတကာ၏ အားနှင့် ပြည်တွင်းက အားကို လိုက်လျောညီထွေဖြစ်အောင် ချိတ်ဆက်လုပ်ဆောင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံးတွင် တာဝန်ရှိကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား သည်။ 

  • ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်အတွင်းက လွတ်ရှမ်းရွာမှာ အကြမ်းဖက်စစ်တပ်က တစ် လကို ဆန်အိတ် ၂၀ ပဲ သယ်ယူခွင့်ပြုထားသည့်အတွက် ဒေသခံပြည်သူများ အခက်ကြုံနေရသည်။ 

  • မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်ကစပြီး ဘက်ပေါင်းစုံ၊ ကဏ္ဍ ပေါင်းစုံကနေ လူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်း လူတိုင်းသိရှိပြီးယင်းကဲ့သို့ ချိုးဖောက် ခံနေရသည် နှင့် အမျှ တချိန်တည်းမှာပဲ လေးစား ဂုဏ်ယူဖွယ်ရာကောင်းသော လူ့အခွင့်ရေး ကာကွယ် စောင့်ရှောက်သူ များ လည်း နိုင်ငံတဝှမ်း ပေါ်ထွက်လာနေခဲ့ကြောင်း လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလမ်းခွဲတွင် တပ်စွထြားသော စစ်တပ်ကို PDF တပ်ပေါင်းများစုက နိုဝင်ဘာလ ၂၆ ရက်နေ့ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း ဒေသ သတင်းရင်း မြစ် Voice of Kalay ထံမှ သိရှိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၅ ခုကို စစ်တပ်က မီးရှို့ဖျက် ဆီးခဲ့ ရာတွင် ခရစ်ယန်သာသနာဂိုဏ်း ချုပ် ကာဒီနယ် ချားလ်စ်ဘို လှူဒါန်း ထား သော စာသင် ကျောင်း အပါအဝင် နေအိမ် ၃၀၇ လုံးကိုပါ စစ်တပ် က မီးရှို့ ဖျက် ဆီးခဲ့ပြီး ပြည်သူ ၇ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူ များ ထံမှ သိရ သည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာကို ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က မီးတင်ရှို့နေ ကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် လှတောကျေးရွာမှ ရွှေဘိုဘက်သို့လာသည့် စစ်ကားတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းတစ်နေရာတွင် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Shwe Bo Defense Force – SBDF က ပြောသည်။ 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် တောင်ယာလုပ်သားများနှင့် ပူးပေါင်း၍ နိုဝင်ဘာ ၂၉ ရက် ယနေ့တွင် ၆၂၈ ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က ၄ ရက် ဆက် တိုက် မီးရှို့မှုကြောင့် ဘာသာရေးဆိုင်ရာ အဆောက်အဦး၊ စာသင်ကျောင်းများ အပါအဝင် လူနေအိမ် ၈၆၂ လုံး ပြာကျခဲ့ပြီး ပြည်သူ ၅ ဦးကိုလည်း စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ရွာ ၁၅ ရွာက သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရလိုင်ရွာတံတားတွင် ဆိုင်ကယ်တွင် GPS တပ် ၍ စစ်တပ်အတွက် သတင်းထောက်လှမ်းနေသည်ဟုဆိုသူ သိန်းအောင် ပစ် ခတ် ခံ ရပြီး သေဆုံးကြောင်း သိရှိရသည်။ 

  • မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားစစ်တပ်စခန်းမှ ထွက်လာသော ပျူစောထီး နှင့်စစ်သားများကို PDF တပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိပြီးနောက် ညောင်ရင်းရွာ၊ ခဲပင်အင်းရွာနှင့်ဂွေးဂုဏ်ရွာမှ နေအိမ် ၉၆ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

  • ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ကောင်စီတပ်စခန်းအနီးရှိ ၎င်း၏ ခြံသို့ သွားရာ မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး သေဆုံးကာ ဇနီးသည်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူး တစ်ဦး အပါဝင် လူ လေးဦးကို ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မြို့ခံများထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် ထားဝယ်ပင်မ သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွင်းခံခဲ့ရပြီး ကျဆုံးခဲ့ရသူများအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက် ညပိုင်း၌ ပြုလုပ်ကြကြောင်း သိရသည်။ 

  • သဘာဝဘေးအတွက် ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းသည့် ကိစ္စနှင့် ပတ်သက်ပြီး အဂတိစွပ်စွဲထားခြင်းမှာ ရိုးမယ်ဖွဲ့ပြီး စွပ်စွဲခြင်းဖြစ်ကာ အခြေအမြစ်မရှိဘဲ စွပ်စွဲခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  နိုဝင်ဘာလ ၂၈ရက်နေ့ ရုံးချိန်းတွင် ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်နီပြည်နယ်၊ ဘော်လခဲမြို့နယ်၊ ထူးချောင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ က စနိုက်ပါ ဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု( KRU) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ ပြောခွင့်ရသူ ဦးကျော်ဇောဦး ကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက အတည်ပြုပြောကြားသည်။ 

စစ်ကောင်စီ 

  • အာဏာသိမ်း စစ်ကောင်စီက မတရားဖမ်းဆီးပြီး ထောင်ဒဏ် ၁၁နှစ် ချခံထားရသည့် ယခင် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်ကို ပုဒ်မ နှစ်ခုဖြင့် ထပ်မံ တရားစွဲဆိုလိုက်ကြောင်း နိုင်ငံရေးအကျဥ်းသား များကွန်ရက် (DPPN) အဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။  

  • အနည်းဆုံးအခကြေးငွေ(လုပ်ခလစာ) သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကနေ အနည်းဆုံး အခကြေးငွေ သတ်မှတ်ထုတ်ပြန်နိုင်ရေးကို စီစဉ်နေကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန က ထုတ်ပြန်သည်။ 

  • ရန်ကုန်ရှိ ဘုန်းကြီးကျောင်းများတွင် ညဉ့်အိမ် ညနေ ဧည့်သည်လက်ခံ၍ ခိုးမှုတွေ လုယက်မှုများဖြစ် ပေါ်နေ၍  ဧည့်သည်လက်ခံရင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဟု စစ်ကောင်စီအလိုကျ လိုက်ပါဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော်က ထုတ်ပြန်လိုက်သည်။ 

  • လက်ရှိ ရန်ကုန်မြို့ရှိ မြို့နယ် အများစုမှာ လျှပ်စစ်မီးကို အချိန်ပိုင်းသာ ရရှိနေသော်လည်း လာမည့် နွေရာသီ မှာလည်း လျှပ်စစ်မီးအချိန်ပိုင်းဖြင့်သာရရှိမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်က ပြောသည်။ 

  • နိုင်ငံ့စီးပွားရေး တိုးတက်ရန် အခက်အခဲအမျိုးမျိုးကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ ထိုက်သင့် သလောက် တိုးတက်လာပြီဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောသည်။ 

နိုဝင်ဘာ ၂၉ ရက် သုံးသပ်ချက် 

  • အာဏာသိမ်းကတည်းက အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ မပြတ်ပြခဲ့သည့် စစ်ကိုင်းတိုင်းထဲက ဒေသ တချို့တွင်လည်း ယခုရက်ပိုင်းစစ်တပ်က မီးရှို့မှုများပြုလုပ်နေခြင်းကြောင့် ဆန္ဒပြပွဲများ လျှော့နည်း သွားသည်ကိုတွေ့ရသည်။ ထို့အတူ မြို့ပြများတွင်လည်း အဖမ်းဆီးများနေမှုကြောင့် ဆန္ဒပြပွဲများ မရှိသလောက်နည်းနေသည်ကိုတွေ့ရသည်။ 

  • လက်ရှိအအခြေအနေမှာတောင် လျှပ်စစ်မီးရရှိမှုနည်းပါးနေရာ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ လာမည့် နွေရာသီတွင် ပိုမိုမီးရရှိမှု နည်းပါးလာမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly