ပါကစ္စတန် လာဟိုးမြို့က ရာဇဝတ်မှုကျူးလွန်သူများအတွက် ဘေးကင်းခိုလှုံရာနေရာ ဖြစ်လာ

By The Print
28 November 2022
ပါကစ္စတန် လာဟိုးမြို့က ရာဇဝတ်မှုကျူးလွန်သူများအတွက် ဘေးကင်းခိုလှုံရာနေရာ ဖြစ်လာ

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် မြေသိမ်းယူမှုဖြစ်စဉ်များ ဖြစ်ပွားမှု မြင့်တက်မှုကြောင့် အမှုအခင်းဖြစ်ပွားမှုနှုန်းကို ၃၀ ရာခိုင်နှုန်းနီးပါး ထပ်တိုးစေခဲ့ပြီး ယခုအခါ အဆိုပါမြို့သည် ပြစ်မှုကျူးလွန်သူများအတွက် ဘေးကင်းခိုလှုံရာနေရာတစ်ခု ဖြစ်လာကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

လာဟိုးမြို့တွင် အိမ်ရာအသင်းအဖွဲ့ အရေအတွက် တစ်ဟုန်ထိုး မြင့်တက်ပြီး စီးပွားရေး လုပ်ငန်းများလည်း ကြီးထွားလာရာတွင် မြေရာ ရာဇဝတ်ဂိုဏ်းများက တရားဥပဒေမဲ့နည်းလမ်းများဖြင့် မြေ၊ အိမ်ရာအဆောက်အအုံများကို သိမ်းယူသည့် ဖြစ်စဉ်များကြောင့် လာဟိုးမြို့တွင် အမှုအခင်းများကို ဖြစ်ပေါ်စေလျက် ရှိပြီး ဒေသခံများအကြား စိုးရိမ်ပူပန်မှုများကို ကြီးထွားစေလျက် ရှိကြောင်း Dawn မီဒီယာက ဖော်ပြသည်။

ဒေသလုံခြုံရေးတာဝန်ရှိသူများသည် ‘အငြင်းပွား မြေ၊ အိမ်ရာ ကိစ္စ’ များကိုသာ ကိုင်တွယ်ဖြေရှင်းနေကြရပြီး အခြားသော လူမြင်ကွင်းရှေ့ ကျူးလွန်သော အမှုအခင်းများကို ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ဖြစ်ကြောင်း Dawn မီဒီယာက ဖော်ပြသည်။

“မြေရာ ရာဇဝတ်ဂိုဏ်းအဖွဲ့နဲ့ အကြီးတန်းရဲအရာရှိတစ်ဦးတို့ သံသယရှိ ပတ်သက်နေတယ်ဆိုတဲ့ကိစ္စကလည်း မြို့ထဲမှာ လူပြောများနေတယ်။ မြေသိမ်းတဲ့သူတွေက အဲဒီရဲအရာရှိရှေ့မှာပဲ မြေပိုင်ရှင်တွေရဲ့ တန်ဖိုးရှိတဲ့ မြေ၊အိမ်ရာတွေကို ဗြောင်ကျကျ သိမ်းယူခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်တွေလည်း ရှိခဲ့တယ်” ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး Dawn မီဒီယာက ဖော်ပြသည်။

အိမ်ရာအသင်းအဖွဲ့များအတွက် အလုပ်လုပ်ပေးပြီး စာရွက်စာတမ်း အတုများကို အသင့်ပြင်ထားသည့် ရာဇဝတ် ဂိုဏ်းများသည် လာဟိုးမြို့တွင် မြေနှင့်ပတ်သက်ပြီး ဈေးကစားမှုများ လုပ်ဆောင်နေကြောင်း သတင်းများက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly