နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားစေမှုဖြင့် တိဗက်လူငယ်တစ်ဦးကို တရုတ်က ထောင်ဒဏ် ၂ နှစ် ချမှတ်

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားစေမှုဖြင့် တိဗက်လူငယ်တစ်ဦးကို တရုတ်က ထောင်ဒဏ် ၂ နှစ် ချမှတ်

ပြည်ပသို့ အရေးကြီးသတင်းများ ပေးပို့သည်ဟုဆိုကာ တိဗက်အရှေ့ပိုင်း ကာဇီစီရင်စုမှ တိဗက်လူငယ်တစ်ဦးကို တရုတ်အာဏာပိုင်များက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။

အသက် ၂၈ နှစ်အရွယ် သပ်ဆမ်သည် မေလ ၃ ရက်က စားသောက်ဆိုင်တစ်ဆိုင်တွင် အဖမ်းခံခဲ့ရသည်။ သပ်ဆမ်သည် မိသားစုနှင့် ဆက်သွယ်ခွင့်မရဘဲထိန်းသိမ်းခံထားရကာ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြား စေမှုနှင့် နိုင်ငံတော်လုံခြုံရေးအန္တရာယ်ဖြစ်စေမှုအပါအဝင် စွဲချက်များဖြင့် နိုဝင်ဘာလတွင် ကာဇီတရားရုံး၌ ရုံးတင်စစ်ဆေးခံခဲ့ရကြောင်း Phayul သတင်းက ဖော်ပြသည်။

တရုတ်တရားရုံးသည် အမှုမစစ်ဆေးမီ မိသားစုအား ကြိုတင်အသိမပေးခဲ့ဘဲ သပ်ဆမ်၏ဇနီးနှင့်အစ်ကိုအား နိုဝင်ဘာ ၂၁ ရက်က တရားရုံးသို့ ဆင့်ခေါ်ကာ သပ်ဆမ်အား ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့လိုက်ကြောင်း ပြောသည်။

" သပ်ဆမ်ဟာ WeChat အက်ပလီကေးရှင်းကတစ်ဆင့် ဥရောပနဲ့ အိန္ဒိယတို့ဆီ တိဗက်အကြောင်း အချက်အလက်တွေ ပေးပို့ခဲ့တယ်လို့ အာဏာပိုင်တွေက သူ့ကို ဖမ်းချိန်မှာ စွပ်စွဲခဲ့ပါတယ်။ သူဟာ ၅ လထိန်းသိမ်းခံရပြီး အဲဒီကာလမှာညှဉ်းပန်းနှိပ်စက်မှုတွေလည်း ခံခဲ့ရပါတယ်" ဟု သတင်းရင်းမြစ်က ဒေသတွင်းအဆက်အသွယ်များကို ကိုးကား၍ Tibet Post သို့ ပြောသည်။

တရုတ်အာဏာပိုင်များသည် အစိုးရ၏အရေးပါသော အချက်အလက်များပေါက်ကြားစေခြင်းဟူသော စွဲချက်ကို ကြိမ်ဖန်များစွာ အသုံးပြုသည်။

အောက်တိုဘာလတွင် တိဗက်ပညာတတ်နှင့် တက်ကြွလှုပ်ရှားသူ ၆ ဦးကို ခွဲထွက်ရေး လှုံ့ဆော်မှုနှင့် နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေမှု စသည့် စွဲချက်များအတွက် ထောင်ဒဏ် ၄ နှစ်မှ ၁၄ နှစ်အထိ ချမှတ်ခဲ့သည်။

တိဗက်လူမျိုးများသည် တရုတ်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖိအားများဖြင့်နေထိုင်ကြရသည်။ အပြစ်မရှိသော ဘုန်းတော်ကြီးများပင် ဗုဒ္ဓဘာသာနှင့်ထုံးတမ်းဓလေ့ကို ကျင့်သုံးခွင့်မရှိပေ။ တိဗက်တစ်ဝန်းမှ

အပြစ်မဲ့ဘုန်းကြီးများနှင့် သီလရှင်များမှာ စောင့်ကြည့်ခံနေရပြီး ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဘာသာရေး၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည့် သင်္ကန်းများကို ချွတ်ရန် ဖိအားပေးခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required