ထိုင်ဝမ်ဒေသန္တရဆန္ဒမဲဆုံးဖြတ်ချက်က ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်ဖွယ်မရှိဟု ကျွမ်းကျင်ပညာရှင်ပြော

By Taipei Times
28 November 2022
ထိုင်ဝမ်ဒေသန္တရဆန္ဒမဲဆုံးဖြတ်ချက်က ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်ဖွယ်မရှိဟု ကျွမ်းကျင်ပညာရှင်ပြော

ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော် ပြဿနာများကို စိတ်ဝင်စားခံရလာချိန်တွင် ရာထူးအမျိုးအစား ၉ မျိုးအတွက် ပြုလုပ်သည့် ဒေသန္တရရွေးကောက်ပွဲရလဒ်သည် တရုတ်မျိုးချစ် ကူမင်တန်ပါတီ (KMT) ကို အားကောင်းစေမည် ဖြစ်သော်လည်း ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိမည်မဟုတ်ကြောင်း နိုင်ငံရေးဝေဖန်သုံးသပ်သူများက ပြောသည်။

နိုဝင်ဘာ ၂၆ ရက်ကကျင်းပသော ဒေသန္တရရွေးကောက်ပွဲတွင် ကူမင်တန်ပါတီသည် လူဦးရေ ၇၀ ရာခိုင်နှုန်းနီးပါး နေထိုင်သည့် အကြီးဆုံးမြို့ကြီး ၆ ခုအနက် ၄ ခု အပါအဝင် မြို့ကြီးနှင့်ကောင်တီပေါင်း ၂၁ ခု၌ ၁၃ နေရာတွင် အနိုင်ရရှိခဲ့သည်။

ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) သည် ပန်ဂူကောင်တီတွင် အနိုင်ရရှိခဲ့သော်လည်း မြို့ကြီးနှင့်ကောင်တီ ၇ ခုတွင် ၃ ခုကို လက်လွှတ်ဆုံးရှုံးခဲ့သည်။ အရေးနိမ့်သောရလဒ်ကြောင့် သမ္မတ စိုင်အင်ဝမ်သည် ပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

DPP သည် မြူနီစပယ် ၅ ခုတွင်သာအနိုင်ရမည်ဟု မှန်ကန်စွာခန့်မှန်းနိုင်ခဲ့သော တိုကျိုနိုင်ငံခြား လေ့လာရေးတက္ကသိုလ်မှ ပါမောက္ခ ယိုရှီယူကီအိုဂါဆာဝါရာက အာဏာရပါတီသည် တိုင်ပေနှင့် တောင်ယွမ်မြို့တော်ဝန်များအတွက် လူရွေးမှားခဲ့ပြီး ရွေးကောက်ပွဲ မတိုင်မီတွင် တရုတ်ပြဿနာကို စည်းရုံးပြောဆိုရာ၌ မအောင်မြင်ခဲ့ကြောင်း Asahi Shimbun သတင်းစာအား ပြောကြားခဲ့သည်။

မဲဆန္ဒရှင်များသည် ဒေသန္တရာနှင့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်ပြီး ထိုင်ဝမ် ဒီမိုကရေစီ၏ ရင့်ကျက်မှုလက္ခဏာတစ်ရပ်အဖြစ် ရှုမြင်ကြောင်း အိုဂါဆာဝါရာက ပြောကြားခဲ့သည်။

ထို့ကြောင့် ကူမင်တန်ပါတီ (KMT) အနိုင်ရမှုသည် ၂၀၂၄ ခုနှစ် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲတွင် DPP ၏ အရေးနိမ့်မှုမှာ မဲဆန္ဒရှင်များသည် ကူမင်တန်ပါတီကို ထောက်ခံနေကြခြင်း သို့မဟုတ် အစိုးရ၏ တရုတ်တန်ပြန်ရေး ဗျူဟာကို စွန့်လွှတ်ခြင်းဟု မဆိုလိုကြောင်း တရုတ်တွင် ၁၉၈၉ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုမှ ထင်ရှားသော ကျောင်းသားခေါင်းဆောင် ဝမ်ဒန်က ပြောသည်။

“မဲဆန္ဒရှင်တွေအနေနဲ့ ဘယ်အာဏာရပါတီကိုမဆို သူတို့ရဲ့ဆန္ဒမဲတွေနဲ့ သင်ခန်းစာပေးသင့်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒါပေမယ့် နိုဝင်ဘာ ၂၆ ရက် ရွေးကောက်ပွဲရလဒ်က ထိုင်ဝမ်မဲဆန္ဒရှင်တွေဟာ DPP ထက် KMT ကို ပိုနှစ်သက်တယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ဝမ်ကဆိုသည်။

လူငယ်မဲဆန္ဒရှင်အများစုသည် ဒေသန္တရရွေးကောက်ပွဲတွင် မဲမပေးခဲ့ကြကြောင်း ထိုင်ဝမ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံတွဲဖက်ပါမောက္ခ ချန်ရှီမင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly