တရုတ်နိုင်ငံ ကိုဗစ်ကန့်သတ်ချက်ဖြေလျှော့ရေးဆန္ဒပြပွဲတွင် BBC သတင်းထောက် ရိုက်နှက်ဖမ်းဆီးခံရ

တရုတ်နိုင်ငံ ကိုဗစ်ကန့်သတ်ချက်ဖြေလျှော့ရေးဆန္ဒပြပွဲတွင် BBC သတင်းထောက် ရိုက်နှက်ဖမ်းဆီးခံရ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ ၂၇ ရက်ညက ကိုဗစ်စည်းမျဉ်းများအား ဆန့်ကျင်သောဆန္ဒပြပွဲတစ်ခု၌ ရဲများက BBC သတင်းထောက် အက်ဒ်ဝပ်လောရင့်စ်ကို ဖမ်းဆီးခဲ့ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြသည်။

ရဲများက BBC သတင်းထောက်အား ရိုက်နှက်ကန်ကျောက်မှုများပြုလုပ်ခြင်းအပေါ် များစွာစိုးရိမ်မိကြောင်း BBC ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

ထိခိုက်နစ်နာစေသော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအပေါ် မကျေနပ်သဖြင့် တရုတ်တွင် အာဏာရကွန်မြူနစ်ပါတီကို ဆန့်ကျင်သော ဖြစ်တောင့်ဖြစ်ခဲ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူထောင်ပေါင်းများစွာအနက် တချို့က တရုတ်ခေါင်းဆောင်ဆောင် ရှီကျင့်ဖျင်ကို ဖယ်ရှားရန် တောင်းဆိုခဲ့ကြသည်။ ရှီကျင့်ဖျင်အစိုးရသည် အစုလိုက်အပြုံလိုက် ရောဂါစစ်ဆေးစမ်းသပ်ခြင်း၊ အတင်းအကျပ် အသွားအလာပိတ်ဆို့ခြင်း၊ သီးသန့်ခွဲထားခြင်းနှင့် လူသားနှင့်စီးပွားရေးအတွက် ဆုံးရှုံးမှုများစေသော ဒစ်ဂျစ်တယ်ခြေရာခံစောင့်ကြည့်ခြင်းစသည့် နည်းဗျူဟာကို ၃ နှစ်နီးပါး ကြီးကြပ် လုပ်ဆောင်နေသည်။

‘ရှန်ဟိုင်းဆန္ဒပြပွဲအတွင်းမှာ သတင်းယူနေတုန်း လက်ထိပ်ခတ် အဖမ်းခံရတဲ့ သတင်းထောက် အက်ဒ်ဝပ်လောရင့်စ်အပေါ် ပြုမူဆက်ဆံပုံနဲ့ပတ်သက်ပြီး BBC အနေနဲ့ အလွန်အမင်း စိုးရိမ်မိပါတယ်။ သူ့ကို ပြန်မလွှတ်ခင် နာရီပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရပါတယ်။ အဖမ်းခံရချိန်မှာလည်း ရဲတွေက သူ့ကို ကန်ပြီး

ရိုက်နှက်ခဲ့ပါတယ်။ အသိအမှတ်ပြုခံထားရတဲ့ သတင်းထောက်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတုန်းမှာ ခုလိုဖြစ်ပျက်ခဲ့တာပါ” ဟု BBC ၏ ထုတ်ပြန်ချက်၌ ရေးသားထားသည်။

“လူအုပ်ကြားထဲမှာ ကိုဗစ်ကူးမှာစိုးလို့ သူ့အကျိုးအတွက် ဖမ်းဆီးခဲ့တာလို့ တာဝန်ရှိသူတွေက ပြောတာကလွဲလို့ တရုတ်အာဏာပိုင်တွေဆီကနေ တရားဝင် ရှင်းလင်းချက်နဲ့ တောင်းပန်မှုမျိုး မရရှိခဲ့ပါဘူး။ ဒါဟာ လက်ခံနိုင်လောက်တဲ့ ရှင်းပြချက်လို့ ယူဆလို့မရပါဘူး” ဟု BBC က ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ဘဝကဏ္ဍပေါင်းစုံကို တင်းတင်းကျပ်ကျပ်ချုပ်ကိုင်ခြင်း၊ သဘောထားကွဲလွဲသူကို နှိမ်နင်းခြင်း၊ လူ့အဖွဲ့အည်းများစွာကို သုတ်သင်ခြင်းနှင့် နည်းပညာမြင့်စောင့်ကြည့်ခြင်းများလုပ်ဆောင်ပြီး လူထုဆန္ဒပြမှုများသည် တရုတ်တွင် ကြုံတောင့်ကြုံခဲ ကိစ္စဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required