တရုတ်နိုင်ငံ ကိုဗစ်ထိန်းချုပ်မှု မူဝါဒဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် သမ္မတရှီကျင့်ဖျင်နုတ်ထွက်ရန် တောင်းဆို

တရုတ်နိုင်ငံ ကိုဗစ်ထိန်းချုပ်မှု မူဝါဒဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် သမ္မတရှီကျင့်ဖျင်နုတ်ထွက်ရန် တောင်းဆို

တရုတ်နိုင်ငံ၌ ကိုဗစ်ကူးစက်မှု အနည်းငယ်မျှပင် တွေ့ရှိပါက လူသန်းပေါင်းများစွာကို ကြာမြင့်စွာ အသွားအလာကန့်သတ်ပိတ်ဆို့သော တရုတ်သမ္မတရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆန့်ကျင်သည့် အနေဖြင့် ပေကျင်း၊ ရှန်ဟိုင်း၊ အူရမ်ကီ၊ နန်ကျင်း၊ ကွမ်ကျိုး၊ ဝူဟန်နှင့် နိုင်ငံတစ်ဝန်းရှိ တခြားမြို့ကြီးပေါင်း ဒါဇင်ထက် မနည်းမှ ပြည်သူရာပေါင်းများစွာက ဆန္ဒပြခဲ့ကြသည်။

ဝူဟန်မှ ထောင်နှင့်ချီသည့် ဆန္ဒပြသူများက “ကိုဗစ်ကန့်သတ်ချက်တွေဟာ ဝူဟန်မှာစခဲ့တယ်။ ဝူဟန်မှာ အဆုံးသတ်ရတော့မယ်” ဟု အော်ဟစ်ကြွေးကြော်လျက် သံပန်းအတားအဆီးများကို ကျော်ဖြတ်ပြီး ကိုဗစ် စမ်းသပ်မှုပြုလုပ်သည့် ယာယီတဲများကို ဖျက်ဆီးကာ ကန့်သတ်ပိတ်ဆို့မှုအဆုံးသတ်ရေး တောင်းဆိုခဲ့ကြသည်။

သမ္မတရှီကို ရာထူးမှဆင်းပေးရန်နှင့် ကွန်မြူနစ်ပါတီ အာဏာစွန့်လွှတ်ရန် ဆန္ဒပြသူများက အော်ဟစ် တောင်းဆိုသည့် ဗီဒီယိုများလည်း ပေါ်ထွက်ပျံ့နှံ့လာသည်။

ရှန်ဟိုင်းတွင် ဆန္ဒပြသူ ၃၀၀ ခန့်က “ရှီကျင့်ဖျင် ရာထူးမှဆင်း ၊ ကွန်မြူနစ်ပါတီ နုတ်ထွက်၊ တရုတ်ကို ပြန်ဖွင့်ပေး၊ ဓာတ်ခွဲစမ်းသပ်မှုတွေ မလိုချင်ဘူး၊ လွတ်မြောက်ခွင့်ပေး၊ သတင်းလွတ်လပ်ခွင့်ပေး” စသည့်ကြွေးကြော်သံများ အော်ဟစ်သဖြင့် ရဲများက ငရုတ်ကောင်းရည်ဖျန်းဆေးများသုံးကာ နှိမ်နင်းခဲ့သည်။

အူရမ်ကီမြို့တွင် ရိုက်ကူးထားသည်ဟုဆိုသောဗီဒီယိုတွင်လည်း ဆန္ဒပြသူများက “ကွန်မြူနစ်ပါတီကို ဖယ်ရှားပါ။ ရှီကျင့်ဖျင်ကို ဖယ်ရှားပါ” ဟု အော်ဟစ်ခဲ့ကြသည်။

မြို့အများအပြားတွင် ဆန္ဒပြသူများက ရောဂါကာကွယ်ရေးဝတ်စုံဖြူဝတ်ထားသော ရဲများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရပ်ကွက်များကို ပိတ်ဆို့ထားသည့် အတားအဆီးများကို ဖျက်ဆီးခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ်က ရှန်ကျန်းဒေသ အူရမ်ကီရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကာ လူ ၁၀ ဦး သေဆုံးပြီးနောက် လတ်တလော ဆူပူအုံကြွမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အဆိုပါတိုက်ခန်းအိမ်ရာသည် အကန့်အသတ်ဖြင့် အသွားအလာပိတ်ဆို့ခံထားရကာ ပြင်းထန်သော ကိုဗစ်ကန့်သတ်ချက်များက ကယ်ဆယ်ရေးတုံ့ပြန်မှုကို အဟန့်အတားဖြစ်စေသည်ဟု မျက်မြင်သက်သေများက ပြောသည်။

အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများတွင် နန်ကျင်းနှင့် ပေကျင်းအပါအဝင် မြို့ကြီးများရှိ တက္ကသိုလ်များမှ ကျောင်းသားများသည် ဆင်ဆာ သို့မဟုတ် ဖမ်းဆီးခြင်းကို ရှောင်ရန် တစ်စိတ်တစ်ပိုင်း အသုံးပြုသည့် နည်းဗျူဟာဖြစ်သော ဗလာစာရွက်များကိုင်ကာ အသံတိတ်ဆန္ဒပြခဲ့ကြသည်။

နိုဝင်ဘာ ၂၇ ရက်က အနောက်တောင်ပိုင်းရှိ ချန်ဒူမြို့တွင် လူများစုဝေးခဲ့ကြပြီး “ရာသက်ပန်အုပ်စိုးသူ အလိုမရှိ၊ သက်ဦးဆံပိုင် အာဏာရှင်အလိုမရှိ” ဟု တတိယသက်တမ်းအာဏာရယူခဲ့သော ရှီကို ရည်ညွှန်းကာ အော်ဟစ်ပြီး ဗလာစာရွက်များကိုင်ကာ ဆန္ဒပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly