ကလေးမြို့က PDF ဆေးတပ်သား အမျိုးသမီး ၉ ဦး ထောင်ဒဏ် ၁၂ နှစ် စီ ချမှတ်ခံရ

ကလေးမြို့က PDF ဆေးတပ်သား အမျိုးသမီး ၉ ဦး ထောင်ဒဏ် ၁၂ နှစ် စီ ချမှတ်ခံရ

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆေးတပ်သား အမျိုးသမီး ကိုးဦးကို စစ်ကောင်စီမှ ထောင်ဒဏ် ၁၂နှစ်စီ ချမှတ်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်ထံက သိရသည်။

အဆိုပါ ဆေးတပ်သားအမျိုးသမီးများကို ပြီးခဲ့သည့် အောက်တိုဘာလတွင် စစ်ကောင်စီလက်အောက်ခံ ကလေးမြို့အကျဉ်းထောင်တွင်းတရားရုံးက အကြမ်းဖက် တိုက်ဖျက်ရေးဥပဒ ၊ နိုင်ငံတော်ဆူပူမှုဆိုင်ရာဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ပြီး အမှုအားလုံးပေါင်းအတွက် တစ်ဦးလျှင် ထောင်ဒဏ် ၁၂နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ ၅၀(က) နဲ့ ၅၀(ဂ) နှစ်ခုပေါင်းကို ၁၀နှစ် ကျခံရမှာဖြစ်ပြီး ၅၀၅ (က) က နှစ်နှစ် ဆိုတော့ အားလုံး ၁၂နှစ်ချလိုက်တာ” ဟု ဒေသခံ သတင်းအရင်းမြစ်က မဇ္ဈိမ ကိုပြောသည်။

ယမန်နှစ် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့က ကလေးမြို့အနောက်တောင်ဘက်ရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဆေးတပ်သားအဖွဲ့ဝင် အမျိုးသမီး များကို ဖမ်းဆီး၍ ယခုကဲ့သို့တရားစွဲဆို ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံရသူအမျိုးသမီးများမှာ ဒေစီ ဗန်လားရောနီး (Dasiy Vanlalrawni) ၊ ဇမ်ဇိုးဇမ် (Zam Zo Zam ) ၊ လားမွမ်လ်ကီးမီး ( Lalmuankimi) ၊ လားတလန့်လှူးအီး (Laltlanhlui) ၊ လားပျံဖဲလ်အီး (Lalpianfeli ) မန်းလမ့်ဒိမ်း (Man Lam Dim ) ညောင်ဒွန့်ကျင်း (Niang Don Ciin) ၊ လားလွန်စန်းအီး (Lallunsangi) ၊ မားဆောမ်ဒုန်းငီး) တို့ ဖြစ်ကြောင်းသိရသည်။

အသက် ၂၀မှ ၂၈နှစ်အတွင်းရှိ အဆိုပါအမျိုးသမီးငယ်များအနက် လေးဦးမှာ ကျန်းမာရေး မကောင်းဖြစ်နေပြီး ၎င်းတို့၏ မိသားစုဝင်အများစုမှာ လူနေမှုဘဝခက်ခဲ ကြောင်း သိရသည်။

စစ်ကောင်စီသည် ကိုဗစ်ရောဂါ အကြောင်းပြချက် နှင့် ထောင်တွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့မှုအပေါ်အခြေခံ၍ ကလေးမြို့ထောင်တွင် မိသားစုများ ထောင်ဝင်စာ တွေ့ဆုံခွင့်ကို ပိတ်ပင်ထားပြီး ဆေးဝါးနှင့် အစားအသောက်များသာ ပေးပို့ရကြောင်း သိရသည်။

ဆေးတပ်သား အမျိုးသမီးငယ်များအတွက် ထောင်ဝင်စာများကို စေတနာရှင်များမှ အဆင်ပြေသလို ဝိုင်းဝန်း ကူညီ၍ အခါအားလျော်စွာပေးပို့နေရကြောင်း ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် အမျိုးသမီး ၃၀၈ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၃၄၃၄ ဦး မတရားဖမ်းဆီးခံထားရကြောင်း အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က နိုဝင်ဘာ ၂၇ရက်နေ့တွင် ထုတ်ပြန်ထား သည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required