ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်း

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်း

နိုဝင်ဘာလ ၂၈ ရက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၈၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

“ဒီ (၈၁)အုပ်ချုပ်ရေးမှူးက အရင်က စည်ပင်သာယာဌာနက (၈၈)စျေးအိမ်သာစောင့်ဗျ။ (၈၈)အုပ်ကြီးတောက်တဲ့ရဲ့လက်ဝေခံ တပည့်လုပ်ပြိီး ဘေးကပ်လျက် (၈၁)ရပ်ကွက်ကို တောက်တဲ့ရဲ့ အစီအစဥ်နဲ့ အုပ်ချုပ်ရေးမှူးလုပ်နေတာ။ အခု သူတို့ရပ်ကွက်ရုံးသစ်ဆောက်နေတာ။ သူတို့ ရုံးသစ်ဆောက်နေတုန်း ၀င်ပစ်တာပါ။ ဘေးက ဓမ္မာရုံမှာ ထိုင်နေတုန်း ပစ်တာပါဗျ။” ဟု တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်စစ်နိုင်က မဇ္ဈိမ ကို ပြောသည်။

ပစ်ခတ်ခံရသူများမှာ (၈၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျော်သန်း၊ ရာအိမ်မှူးနှင့် ယာဉ်မောင်းတို့ဖြစ်ကြပြီး ၎င်းတို့သည် ပစ်ခတ်ခံရသော ဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

အုပ်ချုပ်ရေးမှူး ကျော်သန်းနှင့် အဖွဲ့သည် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း၌ ဆိုင်ကယ်ဖမ်းဆီးခြင်း၊ မသင်္ကာလျှင် မသင်္ကာသလို တွေ့ရာလူဖမ်းဆီးခြင်း၊ ဖမ်းဆီးထားသောသူများကိုလည်း PDF ဟု အမည်တပ်ကာ နှိပ်စက်ခြင်းကြောင့် ပြည်သူများဒုက္ခရောက်ကြရပြီး ၎င်းတို့ကြောင့် သေဆုံးခဲ့ရသော သူများလည်းရှိကြောင်း သိရသည်။

ထို့အပြင် ရပ်ကွက်အတွင်း၌လည်း ကျူးမြေကွက်ကိစ္စများအား ငွေကြေးယူ၍ လုပ်ကိုင်ခြင်း၊ ပလပ်မြေများ ရောင်းစားခြင်း၊ လူမိုက်ဂိုဏ်းကဲ့သို့ အုပ်စုဖွဲ့နေကာ ဓားကိုင်ဆောင်၍ အနိုင်ကျင့်မှုများပြုလုပ်ခြင်းတို့ကိုလည်း ပြည်သူများ၏ တိုင်ကြားချက်အရ အဖွဲ့အနေဖြင့် ပြန်လည်သိရှိရပြီး စနစ်တကျမှတ်တမ်းတင်ထားပေးကြောင်း ဆိုသည်။

“ကျွန်တော်တို့ကတော့ ပြည်သူတွေအပေါ် ထိခိုက်နှိပ်စက်လာရင် အကုန်ရှင်းပစ်မှာပဲ။ ပြည်သူ့ကာကွယ်ရေးဆိုတာနဲ့အညီ လုပ်ဆောင်သွားရမယ်။ အနိုင်ကျင့်တာ ဖိနှိပ်တာတွေ လူသားမဆန်အောင် လုပ်တာတွေကို လုံး၀လက်မခံဘူး။ ပြည်သူတွေကို သတင်းစကားပေးချင်တာက ကျွန်တော်တို့ ကြိုးစားနေတယ်ဆိုတာပါပဲ။” ဟု တာဝန်ခံ ဗိုလ်စစ်နိုင်က ဆက်ပြောသည်။

ပစ်ခတ်မှုများပြုလုပ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းလွတ်မြောက်ရာသို့ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly