ရဟတ်ယာဉ်ကိစ္စ ရိုးမယ်ဖွဲ့ စွပ်စွဲခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထွက်ဆို

ရဟတ်ယာဉ်ကိစ္စ ရိုးမယ်ဖွဲ့ စွပ်စွဲခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထွက်ဆို

မဇ္စျိမ။ ။သဘာဝဘေးအတွက် ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းသည့် ကိစ္စနှင့် ပတ်သက်ပြီး အဂတိစွပ်စွဲထားခြင်းမှာ ရိုးမယ်ဖွဲ့ပြီး စွပ်စွဲခြင်းဖြစ်ကာ အခြေအမြစ်မရှိဘဲ စွပ်စွဲခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နိုဝင်ဘာလ ၂၈ရက်နေ့ ရုံးချိန်းတွင် ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ငှားရမ်းသည့်စာချုပ်ကို သက်တမ်းတိုးခြင်း၊ရဟတ်ယာဉ်အသစ်ဝယ်ယူခြင်း၊ Operation and maintenance ဝန်ဆောင်မှုလုပ်ငန်းလုပ်သည့်အတွက် စာချုပ်ချုပ်ဆိုခြင်းများမှာ ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိသည့်အတွက် အပြစ်မရှိကြောင်း၊ သက်သက်မဲ့ ရိုးမယ်ဖွဲ့ပြီး စွပ်စွဲခြင်းဖြစ်ကြောင်းနှင့် အခြေအမြစ်မရှိဘဲ စွပ်စွဲခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုခဲ့သည်ဟု သိရသည်။

ယနေ့ ရုံးချိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရဟတ်ယာဉ်ကိစ္စနှင့် ပတ်သက်၍ စွပ်စွဲထားသည့် အမှုငါးမှုထဲမှ ဆက်လက်စစ်ဆေးရန် ကျန်သည့်အမှု လေးမှုအတွက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းခြင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရုံးတွင်းစာများဖြင့် တင်ပြလာသည့်အပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ညွှန်ကြားခြင်းသာရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့က ယခင်ရုံးချိန်းများတွင် ထွက်ဆိုထားကြသည်။

ယခင်စွပ်စွဲခံခဲ့ရသည့် အမှုများတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့က ၎င်းတို့ဘက်က ထွက်ဆိုပေးမည့် ခံပြသက်သေ တင်သွင်းမှုမပြုသော်လည်း ယခုအမှုများတွင် ခံပြသက်သေငါးဦး တင်သွင်းထားပြီး မနက်ဖြန်ရုံးချိန်းတွင် အဆိုပါ သက်သေများကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

သဘာဝဘေးအတွက် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ် တစ်စီး ဝယ်ယူခြင်းတို့ ဆောင်ရွက်ရာတွင် အဂတိလိုက်စားသည်ဟု ဆိုကာ စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်နှစ်ဦးက တရားလိုပြုလုပ်၍ စွပ်စွဲထားသည့် ယခုအမှုငါးမှုမှာ နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အနေဖြင့် နောက်ဆုံးရင်ဆိုင်ရန် ကျန်ရှိသည့်အမှုများလည်းဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required