ရခိုင်တွင် တိုက်ပွဲပြင်းထန်နေပါက စကစ၏ ရွေးကောက်ပွဲအတွက် အဆင်ပြေမည်မဟုတ်ဟု AA ပြော

ရခိုင်တွင် တိုက်ပွဲပြင်းထန်နေပါက စကစ၏ ရွေးကောက်ပွဲအတွက် အဆင်ပြေမည်မဟုတ်ဟု AA ပြော

ရွေးကောက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများပြင်းထန်နေပါက စစ်ကောင်စီမှ ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အဆင်ပြေနိုင်မည်မဟုတ်ကြောင်း AA ဘက်မှ ပြောဆို လိုက်သည်။

နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၁၀ နာရီတွင်ပြုလုပ်ခဲ့သည့် ရက္ခိုင့်တပ်တော် (ULA/AA) ၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် သတင်းတစ်ထောက်တစ်ဦးမှ မေးမြန်းသည့်အပေါ် ဦးခိုင်သုခက ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ မြန်မာတစ်နိုင်ငံလုံးနဲ့ သုံးသပ်ပြီးမှာပြောတာက ပိုပြီးလက်တွေ့ကျမယ်လို့ ထင်ပါတယ်။ တစ်နိုင်ငံလုံးမှာ မဖြစ်ဘဲ ရခိုင်ပြည်မှာ ဖြစ်ရင်လည်း အဲ့တာက အလကားပါ။ ဆိုတော့ ရခိုင်ပြည်မှာလည်း အခုလို တိုက်ပွဲတွေဖြစ်နေရင် ရွေးကောက်ပွဲက ဖြစ်နိုင်ရန်မလွယ်လို့ ထင်ပါတယ် ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီမှ ရခိုင်ပြည်သူများကိုဖမ်းဆီးခြင်း၊ စစ်ပွဲများ ပြင်းထန်နေခြင်း၊ စစ်တလင်းပြင် ဖြစ်နေခြင်းနှင့် ပြည်သူများ တိုက်ခိုက်ခံနေရပါက ရွေးကောက်ပွဲအတွက်အဆင်မပြေနိုင်ဟု ဦးခိုင်သုခက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲတစ်ရပ် ကျင်းပပြုလုပ်မည်ဟု ကြေညာထားခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီ၏ ရွေးကောက်ပွဲဖြစ်ခြင်းမဖြစ်ခြင်းမှာ ကျင်းပပြုလုပ်မည့်အချိန်၌ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြအနေအပြင် မြန်မာပြည်သူတစ်ရပ်လုံး၏ ဆန္ဒအပေါ်လည်း မှုတည်သည်ဟု သူကဆိုသည်။

“ ရွေးကောက်ပွဲဆိုတာက လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုတွေ ရှိရမယ်။ ရွေးကောက်ပွဲက ပြည်သူလူထုကို အခြေခံပြီးလုပ်ရတာဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့အဆုံးအဖြတ်က အဓိကအရေးကြီးပါတယ် ” ဟု ဦးခိုင်သုခ ကပြောသည်။

ရခိုင်ပြည်နယ်အတွင်းပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသမိုင်းတစ်လျှောက်တွင် ရခိုင်ပြည်သူများ၏ ဘဝ ဖြစ်ပေါ်တိုးတက်မှုများအတွက် တစ်စုံတစ်ရာ အထောက်အကူပြုနိုင်ခြင်းမရှိခဲ့ဟုလည်း ၎င်းက ဝေဖန်သည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကို ယာယီရပ်တန့်ခဲ့ကြဖူးသည်။

ထိုစဉ်ကလည်း စစ်ကောင်စီတပ်မှ လုံခြုံရေးအကြောင်းပြ လှုပ်ရှားမှုများရှိခဲ့သည့်အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်အများစုတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ မဲပေးခွင့် ဆုံးရှုံးခဲ့ကြရသည်။

လက်ရှိတွင် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီမှ ပြုလုပ်မည့်ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ တော်လှန်ရေး အင်အားစုများကလည်း ထောက်ခံခြင်းမပြုဖို့ တိုက်တွန်းထားကြသည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required