စစ်ကိုင်းမြို့နယ်ရှိ ညောင်ပင်ဝန်းရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းမြို့နယ်ရှိ ညောင်ပင်ဝန်းရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ညောင်ပင်ဝန်းရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းမူမြို့နယ်အခြေစိုက် တိုက်နယ်စွန် (စွန်) PDF တပ်ဖွဲ့ တာဝန်ခံကပြောသည်။

“ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းကနေ ညနေအထိ စစ်တပ်က ထိန်ကုန်၊ လက်ပံသာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ဖျက်ဆီးနေလို့ နောက်ကြောင်း ပြန်လှည့်လာအောင် ညောင်ပင်ဝန်းရဲစခန်းကို လက်နက်ကြီးနဲ့ သွားထုပေးခဲ့တာပါ ” ဟု တိုက်နယ်စွန် (စွန်) PDF တပ်ဖွဲ တာဝန်ခံက မဇ္စျိမသို့ပြောသည်။

ခန့်မှန်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ခန့်ရှိနေသည့် ညောင်ပင်ဝန်းရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က လက်လုပ် ၆၀ မမဖြင့် သုံးချက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်လုံးမှာ စခန်းအတွင်းရောက်ခဲ့ကြောင်း ဆိုသည်။

“ အထိအခိုက် အသေးစိတ်ကို မသိရပေမယ့် မျက်မြင်တွေရဲ့ ပြောပြချက်အရ စခန်းဘေးက မူးမြစ်ထဲမှာ အသေတွေကို ရေထဲမျောပစ်တာ တော်တော်များတယ်ဆိုပြီး သိရတယ်” ဟု တပ်ဖွဲတာဝန်ခံ ပြောသည်။

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းအတွင်းမှ စက်သေနတ်များ၊ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းတွင်လည်း ညောင်ပင်ဝန်းစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ မောင်းထောင်မြိုင်လယ်ရွာ၊ မောင်းထောင်ရွာသစ် ကျေးရွာများအတွင်း ဝင်ရောက် စစ်ကြောင်းထိုးမှုများ ရှိနေကြောင်း PDF များထံမှသိရသည်။

ထို့အပြင် ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်မှစတင်ကာ မောင်းထောင် မြိုင်လယ်ရွာ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာကို စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့များမှ နည်းလမ်းမျိုးစုံဖြင့် ခုခံတိုက်ခိုက်မှုများပြုလုပ်နေပြီး နှစ်ဖက်ကျဆုံးမှုများလည်း ရှိနေသည်။

စာတည်း ။ ။စိုးသူအောင်

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required