ဆိုင်ကယ်ကို ၂ ယောက် မစီးရထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးမှုများ လုပ်ဆောင်နေ

ဆိုင်ကယ်ကို ၂ ယောက် မစီးရထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးမှုများ လုပ်ဆောင်နေ

မဇ္ဈိမ။ ။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီကဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်မစီးရ အမိန့်ထုတ်ပြန်ပြီးနောက် ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။

နိုဝင်ဘာလ ၂၆ရက်က ရွှေချောင်းအဝိုင်းအနီးတွင် ဆိုင်ကယ်တစ်စီးပေါ်မှ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

“ဆိုင်ကယ် နှစ်ယောက် တစ်စီး စီးလို့ ပစ်ခံရတာပါ။ သေတော့ မသေဘူးလို့သိရတယ်။ စစ်ကောင်စီထုတ်ပြန်ချက်ကို အတတ်နိုင်ဆုံးလိုက်နာပေးစေချင်တယ်။ မစီးနဲ့ဆို မစီးပါနဲ့။ ခွေးတွေ(စစ်ကောင်စီတပ်သားများ)က အမေးအမြန်းမရှိ ပစ်မှာ။အဖမ်းခံရလို့ ငွေပေးတာကိစ္စမရှိဘူး ပစ်ဖမ်းမှ မလိုလားအပ်ဘဲ အသက်ဆုံးရှုံးရတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် နိုဝင်ဘာလ ၂၆ ရက် နံနက် ၆ နာရီ ဝန်းကျင်က သာသနာ့ဗိမ္မာန်တော် အနီးတွင် ရေခဲချောင်းရောင်းသူတစ်ဦး ပစ်ခတ်ခံရကာ ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးမှုအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယနေ့ နိုဝင်ဘာလ ၂၇ရက်တွင်လည်း စစ်ကောင်စီတပ်သားများနှင့် ရဲများက ပခုက္ကူမြို့ပေါ်ရှိ သီတာလမ်းနှင့် မြို့မလမ်းဆုံတွင် စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည် နိုဝင်ဘာလ၂၄ရက်နေ့မှစတင်ကာ ပခုက္ကူမြို့နယ်အတွင်း ညနေ ၆နာရီမှ နံနက် ၈နာရီအတွင်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ကြောင်း ၊ ဆိုင်ကယ်စီးနင်းရာတွင်လည်း ဆိုင်ကယ်မောင်းနှင်သူ တစ်ဦးသာ စီးနင်းရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးက ကြေညာချက် ထုတ်ပြန်ထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required