ထားဝယ်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော နိုင်ငံရေးအကျဉ်းသား ထောင်အတွင်း ဓားထိုးခံရ

ထားဝယ်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော နိုင်ငံရေးအကျဉ်းသား ထောင်အတွင်း ဓားထိုးခံရ

မဇ္ဈိမ ။ ။ နိုဝင်ဘာ ၂၇

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်အတွင်း နှစ်ရှည် ထောင်ဒဏ် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ဓားထိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။

အဆိုပါ နိုင်ငံရေး အကျဉ်းသားမှာ ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက်နေ အသက် ၅၀ နှစ် အရွယ်ရှိ ဦးနိုင်ဦး ဆိုသူဖြစ်ပြီး ၎င်းကို အကျဉ်းထောင်အတွင်း တစ်ခန်းတည်းနေ လူသတ်မှုဖြင့် ထောင်ကျနေသူ အမျိုးသား တစ်ဦးက ခြောက်လက်မခန့်ရှိ ဓားချွန်ဖြင့် ထိုးခဲ့သည်ဟု သိရသည်။

ထားဝယ်မြို့ခံ တစ်ဦးက “ဖြစ်တာက မနေ့က အိပ်ခန်းဆောင်ပိတ်ပြီး နေ့လယ်လောက်မှာ ဖြစ်တယ်လို့ သိရတယ်။ လက်ရှိတော့ ဓားဒဏ်ရာ ရရှိထားတဲ့သူကို ထားဝယ် ဆေးရုံကို ပို့ထားတယ်လို့ပဲ သိရတယ်”ဟု ပြောသည်။

နိုင်ငံရေး အကျဉ်းသား ဦးနိုင်ဦး သည် လည်မြိုကို ဓားထိုး ခံထားရ၍ အသက် အန္တရာယ် စိုးရိမ်နေရပြီး ထောင်အာဏာပိုင်များက ဆေးရုံသို့ ပို့ဆောင်ထားကာ လုံခြုံရေး အစောင့်များဖြင့် ရှိနေ၍ သွားရောက် ကြည့်ရှု့ရန် အခက်အခဲ ရှိနေကြောင်း ထားဝယ် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက ပြောသည်။

ဦးနိုင်ဦးသည် စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၅၂ တို့ဖြင့် ထောင်ဒဏ် ကိုးနှစ် ချမှတ်ခံထားရသူ ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required