ပုလောမြို့နယ်တွင်၂ ရက်အတွင်းဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

ပုလောမြို့နယ်တွင်၂ ရက်အတွင်းဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မဇ္ဈိမ။ ။တနင်္သာရီတိုင်း ၊ပုလောမြို့နယ်၌ နိုဝင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပုလောဒေသကာကွယ် ရေးတပ်ဖွဲ့(Palaw Regional Defense Force) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PDF ရဲဘော် တစ်ဦးကပြောသည်။

ပုလောအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ PDF ရဲဘော်တစ်ဦးက “တိုက်ပွဲကတော့ အခုရက်ပိုင်းမှာ နှစ်ရက် ဖြစ်ပွားတာရှိပါတယ်။ ပထမတစ်ရက်မှာက နန်းတောင်ရွာမှာရှိတဲ့ စစ်တပ်စခန်းငယ်တစ်ခုကို ကျွန်တော်တို့ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်တာရှိသလို နောက်တစ်ခုက ကဒဲရွာကို စစ်ကြောင်း ထိုးလာတဲ့စစ်တပ်ကို မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။

အဆိုပါ နှစ်ရက်တာတိုက်ပွဲကြောင့် စစ်ရေးတင်းမားနေသည့် အခြေအနေရှိနေ၍ ခရီးသည်တင်ယာဥ်များ အနေဖြင့် စစ်ကောင်စီကားများနှင့် နီးနီးကပ်ကပ်မောင်းနှင် သွားလာခြင်းမပြုလုပ်ဘဲ တတ်နိုင်သမျှ ရှောင်ကျဥ်သွားကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာရန်လည်း မြိတ်ခရိုင်တပ်ရင်း (၁)က ထုတ်ပြန်ထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required