တနင်္သာရီမြို့နယ် ထိုင်းနယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ထိုင်းစစ်တပ်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်နေ၍ ဒေသခံများစိုးရိမ်

တနင်္သာရီမြို့နယ် ထိုင်းနယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ထိုင်းစစ်တပ်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်နေ၍ ဒေသခံများစိုးရိမ်

မဇ်ဈိမ ။ ။

မြန်မာ-ထိုင်း နယ်စပ်ဖြစ်သည့် တနင်္သာရီမြို့နယ်ရှိ မောတောင်ဒေသတွင် အကြမ်းဖက် စစ်ကောင်စီနှင့် ထိုင်းစစ်တပ်တို့ကြား စစ်ရေးပူးတွဲလေ့ကျင့်ခြင်းရှိနေ၍ နယ်စပ်ဂိတ်တွင် စစ်ရေးမတည်မငြိမ်မှုများ ဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများထံက သိရသည်။

စစ်ရေးပူးတွဲ လုပ်ဆောင်မှုများသည် မြန်မာဘက်အခြမ်းသို့ နယ်မြေကျော်ပြုလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

ပြည်သူကို နည်းလမ်း အမျိုးမျိုးဖြင့် အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီကို ထိုင်းစစ်တပ် အနေဖြင့် အားပေးအားမြှောက် လုပ်နေသည့်အပြင် စစ်ရေးပူးတွဲလုပ်ဆောင် နေခြင်းသည် အကြမ်းဖက်မှုကို ပို၍ ဖြစ်စေနိုင်သည်ဟု ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ထိုင်းနိုင်ငံ အနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အရေးကို တကယ် အားပေး ထောက်ခံရင် အကြမ်းဖက် စစ်တပ်ကို နောက်ကွယ်က တစ်မျိုး ပေါ်ပေါ် ထင်ထင် တစ်မျိုး အားပေး ဆောင်ရွက်နေတာကို ရပ်တန့်ဖို့ လိုပါတယ်။ ဒါ့အပြင် ထိုင်းရောက် မြန်မာ့အရေး ဆောင်ရွက် နေသူတွေကို ဖိအားပေး အကျပ်ကိုင် နေတာတွေကလည်း မြန်မာ-ထိုင်း နှစ်နိုင်ငံ အတွက် ရေရှည် ဆက်ဆံ ရေးမှာ ထိခိုက်လာ နိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ယင်း နယ်စပ်ဂိတ်တွင် ယခင်အစိုးရ အဆက်ဆက်က နှစ်နိုင်ငံ စစ်ရေး ပူးတွဲ လှုပ်ရှားမှုများ ရှိခဲ့သော်လည်း လက်ရှိအာဏာသိမ်း စစ်ကောင်စီ လက်ထက်တွင် မပြုလုပ်သင့်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောဆိုထားသည်။

“ထိုင်း တပ်မတော် အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လေးစားပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံရဲ့ တော်လှန်ရေး ကာလ အလွန်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထူထောင်နိုင်ဖို့ အတွက် လက်ရှိမှာ ပြုမူ လုပ်ဆောင် ပေးဖို့ လိုအပ်တယ်”ဟု မောတောင် ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ စစ်ရေး ပူးတွဲလုပ်ဆောင်နေသည့် အပေါ်တွင် ဒေသတွင်း နယ်စပ်ဂိတ်တွင် မတည်မငြိမ် ဖြစ်လာမည်ကို အထူး စိုးရိမ် နေရကြောင်း မောတောင် ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။

မောတောင် နယ်စပ်ဂိတ်သည် တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် တည်ရှိကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required