PSDA က ခွဲထွက် ရဲဘော်များကို သစ္စာဖောက်ဟုဆိုကာ ပစ်ခတ်သတ်ဖြတ်၊ ရဲဘော် ၆ ဦး ကျဆုံးပြီး ၄ ဦး ဖမ်းဆီးခံရ

PSDA က ခွဲထွက် ရဲဘော်များကို သစ္စာဖောက်ဟုဆိုကာ ပစ်ခတ်သတ်ဖြတ်၊ ရဲဘော် ၆ ဦး ကျဆုံးပြီး ၄ ဦး ဖမ်းဆီးခံရ

မဇ္ဈိမ။ ။ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်နယ်စပ် မူဆယ်နှင့် နမ့်ခမ်းမြို့နယ် တို့တွင် အခြေပြုလှုပ်ရှားသည့် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA)က ၎င်းတို့အဖွဲ့ထံမှ ခွဲထွက်သွား သည့် ရဲဘော် ၁၄ ဦးကို သစ္စာဖောက်ဟုဆိုကာ ပစ်သတ်ခဲ့၍ ရဲဘော် ခြောက်ဦး ကျဆုံး၍ လေး ဦး ဖမ်းဆီးခံခဲ့ရပြီး ကျန်လေးဦးမှာ ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ခွဲထွက်လာသည့် PSDA အဖွဲ့ဝင်များ နေထိုင်ရာအိမ်သို့ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော အင်အား ၁၅ ဦးပါ PSDA တပ်ဖွဲ့ဝင်များက ဝင်ရောက် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

PSDA အဖွဲ့ ဦးဆောင်တာဝန်ခံ ကိုရွှေလီသည် တပ်ဖွဲ့ပိုင် ငွေကျပ်သိန်းထောင်ချီ အား အလွဲသုံးစားလုပ်ဆောင်ခဲ့၍ လက်မခံနိုင်သောကြောင့် PSDA ခွဲထွက်လာခြင်းဖြစ်ပြီး တပ်ဖွဲ့မှ ခွဲထွက်လာစဉ်က အကြောင်းကြားခဲ့သည်ဟု ထွက်ပြေး လွတ်မြောက်လာသူ PSDA (ခွဲထွက်) ရဲဘော်တစ်ဦးက ဆိုသည်။

“အစက ခေါင်းဆောင်ကောင်းတော့ လူတွေ တစ်သွေးတစ်သားတည်း ဖြစ်ကြတယ်။ စည်းလုံးတယ်။ PSDA ခေါင်းဆောင် ကျသွားတော့ ရွှေလီတက်လာတယ်။ သူတက်လာတော့ ငွေကြေးတွေ ကမောက်ကမဖြစ်တယ်။ လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ကုန်တယ်။ ကျွန်တော်တို့ရဲ့ ဘတ်ဂျက် သိန်း ၃,၀၀၀ ကျော်ရှိတယ်။ အဲဒီပိုက်ဆံတွေကို သူဘယ်လိုသုံးလိုက်လဲ မသိဘူး။ စာရင်းရှင်းတော့လည်း သူနဲ့ အဆင်ပြေတဲ့လူကိုပဲ ခေါ်ပြီးရှင်းတယ်။ အစည်းအဝေးသွားတက်တဲ့ အတွင်းလူ ပြောတာကတော့ ငွေစာရင်းတွေ တော်တော်ဟနေတယ်ပြောတယ်။ သူတို့သွားနေတဲ့ လမ်းစဉ်က မမှန်တော့လို့ ထွက်ဖို့ ဆုံးဖြတ်လိုက်တာ” ဟု ထွက်ပြေး လွတ်မြောက်လာသူ PSDA (ခွဲထွက်) ရဲဘော်က ပြောသည်။

PSDA ခေါင်းဆောင်၏ မူမမှန်လုပ်ရပ်များကြောင့် အစောပိုင်းကတည်းကနေ၍ PSDA မှ စတင်ခွဲထွက်သူ သုံး ဦးရှိခဲ့ပြီး ရက်သတ္တပတ်နှစ်ပတ်ကျော်အတွင်း လာရောက်ပူးပေါင်း သူ ၁ဝ ဦးထက်မနည်းရှိလာ၍ စခန်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်ခဲ့ခြင်းဖြစ်ကြောင်း PSDA (ခွဲထွက်) ရဲဘော် ထံက သိရသည်။

“ထွက်တုန်းက သူတို့ကိုပြောတယ်။ တာဝန်ခံက ထွက်မတွေ့ဘူး။ ဘာမှလည်း မပြောဘူး။ သူတို့က မြို့ထဲမှာ ပျော်ပါးနေကြတယ်။ ဖုန်းအကောင်းစားလည်း ဝယ်တယ်။ တပ်သားတွေကတော့ နပ်မှန်အောင် မစားရဘူး။ သူ့ကိုဖားတဲ့လူတွေကိုကျ နေရာပေး တယ်။ အဆင်မပြေတော့ လူတွေက ထွက်ကုန်တယ်။ အဲ့ဒါကို သူတို့က သတင်းရပြီး တော့ ကျွန်တော်တို့ကို လာပစ်တာ။ ပစ်တဲ့ အချိန်မှာလည်း သစ္စာဖောက်ကောင်တွေ အကုန်ပစ်သတ်ဆိုပြီး ဘာမှပြောခွင့်တောင် မရဘူး။ ကျွန်တော်က အိမ်ပေါ်ကနေ ခုန်ဆင်းပြီးပြေးတာ။ ပစ်သတ်ခံရတဲ့အထဲမှာ ကျွန်တော်တို့ရဲဘော် လှိုင်ကြီးဆို မသေသေးဘူး။ အဲ့ဒါ သူ့လက်ကို ချိုးပစ်လိုက်တယ်။ ပြီးတော့ ကပ်ကြီးနဲ့ မသေမချင်း ထိုးသတ်တာ။ သူတို့ ဖမ်းခေါ်သွားတာ ငါး ယောက်။ တစ်ယောက်က အမေက နေမကောင်းလို့ပါ ဆိုပြီး တောင်းပန်တယ်။ အဲဒါလည်း သူတို့ စခန်းရောက်တော့ သတ်ပစ်လိုက်တယ်” ဟု လွတ်မြောက်လာသည့် ရဲဘော်က ပြောသည်။

လက်ရှိတွင် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA)အား ကိုရွှေလီ (တာဝန်ခံ)၊ ကိုဇော်ကျူး(တပ်ရင်းမှူး)၊ ကိုနော်ဝမ်း(G1-စစ်ဦးစီးမှူး)နှင့် ကိုကျော်ကြီး (ဒုဗျူဟာမှူး) တို့က အဓိကတာဝန်ယူ ဦးဆောင်နေကြောင်း သိရသည်။

PSDA တပ်ဖွဲ့တွင် မူလက အင်အားရာနှင့်ချီ၍ ရှိခဲ့သော်လည်း တာဝန်ခံအဖြစ် ကိုရွှေလီ တာဝန်ယူချိန်တွင် အင်အား ဆယ်ဂဏန်းသာ ကျန်ရှိတော့ကြောင်း PSDA(ခွဲထွက်) ရဲဘော်၏ ပြောကြားချက်အရ သိရသည်။

“လာပစ်တဲ့ညကလည်း ကလေးတွေကို ညာပြီး ခေါ်လာတာ။ အဲ့ဒီအိမ်မှာ စကစ(စစ်ကောင်စီ) သတင်းပေးတွေ ရှိတယ်လို့ပြောတာ။ ကလေးတွေလည်း အားကျိုး မာန်တက်သွားကြတာ။ ပစ်ပြီးခါမှ ကိုယ့်လူမှန်းသိလို့ ယူကျုံးမရတွေ ဖြစ်ကုန်ကြတယ်” ဟု လွတ်မြောက်လာသူ ရဲဘော်က ဆိုသည်။

ထွက်ပြေးလွတ်မြောက်လာသည့် PSDA(ခွဲထွက်) ရဲဘော် လေးဦးအနက် တစ်ဦးတွင် ဒဏ်ရာရရှိထားပြီး ယခုအခါ လုံခြုံသည့် နေရာသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ PSDA ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် အသက်ရှင်နေဆဲ ရဲဘော် လေး ဦး၏ အခြေအနေကိုမူ အတည်ပြုနိုင်ခြင်း မရှိပေ။

ကျဆုံးသွားသည့် ရဲဘော် ခြောက် ဦးသည် အသက် (၂၂) နှစ် နှင့် (၂၇) နှစ်ကြားရှိ လူငယ်များဖြစ်ကြပြီး တော်လှန်ရေး စတင်လုပ်ဆောင်စဉ်ကတည်းက အားကြိုး မာန်တက် လုပ်ဆောင်ခဲ့သူများ ပါဝင်ကြောင်း သိရသည်။

PSDA သည် ဗဟိုတာဝန်ခံ ရွှေလီ လက်မှတ်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က "တော်လှန်ရေးရဲဘော်သစ်များသို့ ဖိတ်ကြားခြင်း" ဟူသည့် စာတစ်စောင်ကို ထုတ်ပြန်၍ ရဲဘော်သစ်များ ခေါ်ယူခဲ့သေးသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required